၆ပွင့်ဆိုင် တွေ့ဆုံရေး အနှစ်သာရ ပြည့်ဝဖို့လို

  • 25 နိုဝင်ဘာ 2014
daw_su ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဖွဲ့စည်းပုံ ပြင်ရေး အပါအဝင် ပြုပြင်ရေး လုပ်ငန်းတွေ အတွက် ၆ ပွင့်ဆိုင်တွေ့ဖို့ လွှတ်တော်က ဆုံးဖြတ်။

ပြည်ထောင်စု လွှတ်တော် မှာ နိုဝင်ဘာ ၂၅ ရက်နေ့ က အတည်ပြု လိုက်တဲ့ ၆ပွင့်ဆိုင် တွေ့ဆုံရေး ဆိုတဲ့ ဆုံးဖြတ်ချက် အပေါ်၊ တကယ့် တွေ့ဆုံ ဆွေးနွေးရေး အနှစ်သာရ နဲ့ ပြည့်စုံပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို မျက်ခြေ မပြတ်တဲ့ လုပ်ငန်းစဉ် ဖြစ်ဖို့ လိုတယ် လို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း က မင်းကိုနိုင် က ပြောလိုက် ပါတယ်။

ဒီ ၆ပွင့်ဆိုင် တွေ့ဆုံရေး ကြောင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို ထားတဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးရေး ရဲ့ အနှစ်သာရ ပျောက်သွားမယ် လို့ မယူဆကြောင်း နဲ့၊ တိုင်းပြည် အတွက် အရေးကြီးတဲ့ ပြုပြင် ပြောင်းလဲမှု တွေ ဖော်ဆောင် နိုင်ဖို့ မဖြစ်မနေ တွေ့ကြရမယ့် သူတွေ တွေ့လိုက် ကြဖို့ပဲ လိုတယ် ဆိုပြီး တော့လည်း မင်းကိုနိုင် က ဆိုပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင် ရေးနဲ့ ပတ်သက်လို့ ဥပဒေကြမ်း ကို တစ်လ အတွင်း ရေးဆွဲဖို့ ရှိပြီး၊ လာမယ့် ၂၀၁၅ ဇန်နဝါ လဆန်း မှာ ပြန်လည် စတင်မယ့် လွှတ်တော် အစည်းအဝေး မှာ တင်သွင်းဖို့ ရှိကြောင်း လွှတ်တော် အမတ် တစ်ဦး ဖြစ်တဲ့ ဦးဖုန်းမြင့်အောင် က ဘီဘီစီကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီ လမ်းကြောင်း ဖြောင့်ဖြူးရေး အတွက် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော် ဥက္ကဌ နှစ်ယောက် ဖြစ်တဲ့ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသား ကိုယ်စားပြု ကိုယ်စားလှယ် တစ်ယောက် ပါဝင်တဲ့ ၆ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ