တိုင်းရင်းသား အခွင့်အရေး ပိုပေးသင့်ကြောင်း ဦးခင်အောင်မြင့် ပြော

  • 25 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ တာဝန် ဖြစ်တယ်လို့ ဦးခင်အောင်မြင့်ပြော

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်သင့်တဲ့ အကြောင်းနဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို ပိုမို ပေးသင့်တဲ့ အကြောင်း အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးက ပြည်ထောင်စု လွှတ်တော်ရဲ့ တာဝန်ဖြစ်ပြီး အမျိုးသား လွှတ်တော်နဲ့ မဆိုင်ကြောင်း၊ ဒါပေမယ့်လည်း တစ်ဦးတည်းရဲ့ ဆန္ဒကို ပြောရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံ ပြင်မယ့် ပုဒ်မ ၄၃၆ ကို သူ့အနေနဲ့ ပြင်ချင်ကြောင်း ထိုင်းအစိုးရနဲ့ ထိုင်းလွှတ်တော်ရဲ့ ဖိတ်ကြားမှုနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရောက်နေတဲ့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ် လုပ်ပိုင်ခွင့်၊ တိုင်းရင်းသား အခွင့်အရေးတွေကို ပြင်သင့်ကြောင်းနဲ့ ဆင်းရဲ ချမ်းသာ ကွာဟမှုကို ညှိပေးလိုက်ရင် အများကြီး အောင်မြင်မှု ရသွားနိုင်တယ်လို့ သူက ပြောပါတယ်။။

ခက်ခဲတာကို ခဏထားပြီး လုပ်နိုင်တာတွေကို ၂၀၁၅ ခုနှစ် အတွင်းမှာ လုပ်ဖို့ လိုတယ်လို့ ဦးခင်အောင်မြင့်ကပြောပါတယ်။

လုပ်နိုင်တာကို ဆက်လက် လုပ်ဆောင်သွားဖို့ သူ့အနေနဲ့ တိုက်တွန်းသွားမယ်လို့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ပြောသွားပါတယ်။