ကော့တောင်ကျွန်း လူသတ်မှု ကိစ္စ အာမခံ အပယ်ခံရ

  • 26 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရမန် ထပ်တိုးပြီး ထိန်းသိမ်း

ထိုင်းနိုင်ငံ တောင်ပိုင်း ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦး အသတ်ခံရမှုနဲ့ စွပ်စွဲ အဖမ်းခံ ထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို အာမခံနဲ့ လွှတ်ပေးဖို့ လျှောက်ထား တာကို တရားရုံးက ပယ်ချလိုက်ပါတယ်။

လူသတ်မှုနဲ့ စွပ်စွဲခံ ထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို အာမခံနဲ့ ယာယီ လွှတ်ပေးဖို့ သူတို့ရဲ့ ရှေ့နေတွေ ဖြစ်တဲ့ ထိုင်းရှေ့နေများ ကောင်စီ ရှေ့နေအဖွဲ့နဲ့ ဘန်ကောက် သံရုံးက အထူးအဖွဲ့တို့က ကော့စမွီး တရားရုံးမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ လျှောက်တင်ခဲ့တာပါ။

ဘန်ကောက် မြန်မာသံရုံးရဲ့ တာဝန်ပေးချက်အရ တရားခံအဖြစ် စွပ်စွဲခံထားရသူ ၂ ဦး ကို ဘန်ကောက် မြန်မာသံရုံးက တာဝန် ယူတဲ့ အာမခံနဲ့လျှောက်ထားခဲ့ကြောင်း၊ ရဲကရော အစိုးရရှေ့နေကပါ မကန့်ကွက်ခဲ့ ပေမယ့် တရားသူကြီးက ပယ်ချလိုက်တာ ဖြစ်ကြောင်း ထိုင်းရှေ့နေများကောင်စီ ရှေ့နေ အဖွဲ့ဝင် စူရာ့ဖုန်း ကောင်းကျန်ထွတ်က ဘီဘီစီကို ပြောပါတယ်။

အကြောင်းပြချက်က ငွေပေါင် မတင်တာရယ် ၊ ဒီအမှုဟာ ကြီးလေးတဲ့ ပြစ်မှု ဖြစ်ပြီး အခု အာမခံတောင်းတဲ့ သူတွေဟာ နိုင်ငံခြားသားတွေ ဖြစ်နေတာကြောင့် နိုင်ငံပြင်ပကို ထွက်ပြေးနိုင်တာ ကြောင့်ရယ် ဆိုပြီး ပယ်ချ လိုက်တာလို့ ပြောပါတယ်။

အယူခံ ဝင်ဖို့ကိုတော့ ရှေ့နေအဖွဲ့နဲ့ သံရုံးတို့ ဆက်လက် ဆွေးနွေးရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းဥပဒေအရ ရမန် တပတ်ကို ၁၂ ရက်နဲ့ ရမန် ၇ပတ် ရက်အားဖြင့်ပြောရင် ၈၄ ရက်ဖြစ်ပါတယ်။

အဲ့ဒီရက် အတွင်း တရားရုံးကို မတင်နိုင်ဘူးဆိုရင်တော့ ကွင်းလုံးကျွတ် မဟုတ်တဲ့ တရားရှင် အဖြစ် လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမှု သက်တမ်းက နှစ်ပေါင်း ၂၀ ဖြစ်ပါတယ်။

ဒီကာလအတွင်း သက်သေ အထောက်အထား ခိုင်လုံတယ် ဆိုရင် ပြန်ဖမ်းပြီး တရားရုံး တင်ခွင့်ရှိပါတယ်။

အခုအခါ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ကို ချုပ်နှောင်ထားတာ ရမန် ၅ ကြိမ် ရှိနေပြီး ဖြစ်တယ်။ နောက် ရမန် ၂ ကြိမ်အတွင်း တရားမစွဲနိုင်ရင် တရားရှင်အဖြစ် လွှတ်ပေးရမှာဖြစ်ပါတယ်။