နိုင်ငံရေး ပါတီ ၆၇ပါတီနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ

  • 26 နိုဝင်ဘာ 2014
Image caption ဖွဲ့စည်းပုံ ပြင်ရေး၊ အပစ်ရပ်ရေး ကိစ္စရပ်တွေကို သမ္မတ ဦးသိန်းစိန် အဓိက ဆွေးနွေး

နိုင်ငံရေး ပါတီ ၆၇ပါတီက ကိုယ်စားလှယ်တွေကို သမ္မတ ဦးသိန်းစိန်က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ရေး၊ အပစ်အခတ်ရပ်စဲရေး နဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ နဲ့ ထိပ်သီးဆွေးနွေးပွဲတွေ ဆက်လက် ဖော်ဆောင်ဖို့လို ကိစ္စတွေ အပြင် လတ်တလော နိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။

အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ကျောင်းသား သမဂ္ဂတွေ ဖွဲ့စည်းတာကို သူ့အနေနဲ့ သဘောတူလက်ခံ တယ်လို့ သမ္မတ ဦးသိန်းစိန် က ပြောသွားပါတယ်။

ဒါ့အပြင် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားတဲ့ အမျိုးသား ပညာရေး ဥပဒေ ကို ပြင်ဆင် ဖြည့်စွက်ရာမှာ အစိုးရ၊ ပညာရေး ဝန်ကြီးဌာန၊ ပညာရေး အဖွဲ့တွေ ၊ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့လည်း သမ္မတဦးသိန်းစိန်က ပြောသွားပါတယ်။

နိုင်ငံရေး ပါတီတွေ ဘက်ကတော့ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အပြင် အခု လွှတ်တော်မှာ တင်ပြ ဆွေးနွေးနေတဲ့ (၆)ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးမှာ တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးထက်မက ပါဝင်လာဖို့ လိုတယ် ဆိုပြီး ထည့်သွင်း ဆွေးနွေးတာတွေ ရှိပါတယ်။

သမ္မတ နဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံမှုဟာ ဒီတစ်ကြိမ်နဲ့ ဆိုရင် (၃)ကြိမ် မြောက်ရှိသွားပြီ ဖြစ်ပါတယ်။

နိုင်ငံရေး ပါတီ ၆၇ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်လာတယ် ဆိုပေမယ့် ပါတီ အားလုံးက ကိုယ်စားလှယ်တိုင်းတော့ ဝင်ရောက် မဆွေးနွေးခဲ့ပါဘူး။

ဆွေးနွေးပွဲ တက်ရောက်လာတဲ့ နိုင်ငံရေး ပါတီတချို့ကတော့ ဒီတွေ့ဆုံပွဲတွေမှာ တကယ်တမ်း သူတို့ တင်ပြတဲ့ အချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိသလောက် ဖြစ်နေပြီး ဒီအထဲက အချက်တွေဟာ အခုထက် ပိုမို ဆွေးနွေးဖို့ လိုတယ်လို့ ပြောပါတယ်။