တပ်​မတော်​နဲ့ မီ​ဒီ​ယာတို့ ပေါင်း​ပြီး အလုပ်​ရုံ ဆွေးနွေး​ပွဲ လုပ်မယ်

  • 28 နိုဝင်ဘာ 2014
burma_press ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော်နဲ့ မီဒီယာ အကြား သတင်းစီးဆင်းမှု ကောင်းဖို့ ယန္တယားတစ်ရပ် လိုအပ်နေ။

တပ်မတော်နဲ့ သတင်း မီဒီယာတွေ အကြား သတင်း စီးဆင်းမှု မြန်ဆန်လာဖို့ အတွက် ၂ ဘက် အကြား အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်သွားဖို့ ရှိပါတယ်။

အဲဒီ့ အလုပ်ရုံပွဲ ကျရင် သတင်းသမားတွေ ဘက်က ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေ အပေါ် အောက်တိုဘာ ၂၈ ရက် နေ့က မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ) ရုံးမှာ သတင်းသမားတွေ စုပေါင်းပြီး ဖလှယ် ခဲ့ကြပါတယ်။

တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ယူရာမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲ တွေ အပါအဝင် ရေရှည်မှာ ဆောင်ရွက်လိုတဲ့ အချက်အလက် တွေကို စာနယ်ဇင်း သမားတွေဘက်က စာတမ်းတွေ ပြုစုပြီး အလုပ်ရုံ ဆွေးနွေးပွဲ မှာ တင်ပြသွားမယ် လို့ သိရပါတယ်။

တပ်မတော်ဟာ သီးခြား နေခဲ့တဲ့ အဖွဲ့အစည်း တစ်ရပ် ဖြစ်ခဲ့လို့ သတင်း ထုတ်ပြန်မှု နှောင့်နှေး ခဲ့တာတွေ၊ အထင်အမြင် အလွဲ ခံခဲ့ရတာတွေ ရှိတဲ့အတွက် သတင်း စီးဆင်းမှု မြန်ဆန်ဖို့ လိုအပ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ပြောပါတယ်။

တပ်မတော် အနေနဲ့ သူတို့ဘက်က ဖြေရှင်း လိုတာတွေ ရှိပြီး သတင်းသမားတွေ ဘက်ကလည်း တပ်မတော်က အတည်ပြုတဲ့ သတင်းတွေကို ရယူလိုတဲ့ ဆန္ဒ ရှိတာကြောင့် ၊ နှစ်ဘက်အကြား သတင်းစီးဆင်းမှု ယန္တယားတစ်ရပ် အမိအရ တည်ဆောက်ချင်ကြောင်း Tomorrow ဂျာနယ်က ဘုတ်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဦးဇော်သက်ထွေး က ပြောပါတယ်။

ဒီဇင်ဘာ အလုပ်ရုံ ဆွေးနွေးပွဲကို သတင်းစာ၊ ဂျာနယ်၊ ရေဒီယိုနဲ့ ရုပ်သံတွေ စတဲ့ မီဒီယာ အသီးသီးက အယ်ဒီတာနဲ့ သတင်းထောက်ချူပ်တွေ အယောက် ၂၀ လောက် တက်ရောက်မယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ