၆ပွင့်ဆိုင် ဆွေးနွေးပွဲကို သမ္မတ လက်မခံနိုင်သေး

  • 29 နိုဝင်ဘာ 2014
Image caption လွှတ်တော်က ဆုံးဖြတ်တဲ့ ၆ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ သမ္မတရဲ့ အဖွဲ့ ၅ဖွဲ့ပါ ဆွေးနွေးပွဲ ချဉ်းကပ်ပုံ မတူဘူးလို့ ဆို

မြန်မာ့ နိုင်ငံရေး အနာဂတ်နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စတွေ အတွက် ၆ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပတ်သက်လို့ သမ္မတ ဘက်က လောလောဆယ် လက်မခံနိုင်သေးဘူးလို့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

သမ္မတ၊ လွှတ်တော် ဥက္ကဌ ၂ ဉီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တဦးတို့ ပါဝင်တဲ့ ၆ပွင့်ဆိုင် ဆွေးနွေးပွဲ လုပ်ဖို့ လွှတ်တော်က ပြီးခဲ့တဲ့ ရက်ပိုင်းက အတည်ပြု ဆုံးဖြတ်လိုက်တာပါ။

ဒါပေမယ့်လည်း သမ္မတ ဦးသိန်းစိန် စီစဉ် ကျင်းပခဲ့တဲ့ အဖွဲ့ ၅ဖွဲ့ပါ ဆွေးနွေးပွဲနဲ့ အခု ဒီ ဒီ၆ပွင့်ဆိုင် ဆွေးနွေးပွဲ က ချဉ်းကပ်ပုံ ကွာနေတာကြောင့်ရယ်၊ တခါ ဒီ ၆ပွင့်ဆိုင် ဆွေးနွေးပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ် တဦးထဲ ထည့်သွင်းထားတာအပေါ် ကျန်တဲ့ တိုင်းရင်းသားတွေက သဘောတူ မတူ ဆိုတဲ့ အချက်တွေ ရှိနေတဲ့အတွက် ၆ပွင့်ဆိုင် ဆွေးနွေးပွဲ ကိစ္စကို ပြန်သုံးသပ် ရအုံးမယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဒီ၆ပွင့်ဆိုင် ဆွေးနွေးရေးကို သမ္မတဘက်က လက်မခံတာကြောင့်တော့ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်မှုတွေ ရပ်တန့်သွားမယ်လို့ မပြောနိုင်ကြောင်းနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို သမ္မတ အနေနဲ့ လုပ်ပိုင်ခွင့် မရှိပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း၁၂ အရ လွှတ်တော်တွင်းမှာပဲ ဆုံးဖြတ် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။