နော်ဝေ ကနေ ဘာတွေ သင်ခန်းစာရနိုင်မလဲ

  • 2 ဒီဇင်ဘာ 2014
King Harald V of Norway_2 Dec 2014_EPA_Rangoon University ဓာတ်ပုံ မူပိုင် AP
Image caption ရန်ကုန်တက္ကသိုလ် မှာ မိန့်ခွန်း ပြောဖို့ မိဖုရားကြီးနဲ့ အတူ ရောက်လာတဲ့ နော်ဝေ ဘုရင်ကြီး

မြန်မာ နိုင်ငံကို ချစ်ကြည်ရေး ခရီး ရောက်နေတဲ့ နော်ဝေ ဘုရင်ကြီးက မြန်မာနိုင်ငံ ဒီမို ကရေစီ ပြုပြင် ပြောင်းလဲ ရေးအတွက် နော်ဝေရဲ့ အတွေ့အကြုံ တွေထဲက အသုံးကျနိုင်တာ တွေကို မျှဝေမယ်လို့ ပြောပါတယ်။

ဒါ့အပြင် နော်ဝေက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး အတွက် ကူညီမယ့် အစီအစဉ်တွေကိုလည်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမမှာ ပြောတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ကြေညာလိုက် ပါတယ်။

ငြိမ်းချမ်းရေး လိုလားပြီး ငြိမ်းချမ်းရေးကို အစဉ်တစိုက် လုပ်ဖို့ ဆန္ဒရှိတဲ့ မြန်မာ ထူးချွန် ကျောင်းသား၊ ကျောင်းသူတွေကို သမိုင်း နဲ့ လူမှု့ဆိုင်ရာ ဘာသာရပ်တွေမှာ ဝိဇ္ဇာ နဲ့ မဟာဝဇ္ဇာ ဘွဲ့တွေ သင်ယူနိုင်ဖို့ David Taw ပညာသင်ဆု နဲ့ထောက်ပံ့ ကူညီမယ် လို့လည်းနော်ဝေဘုရင်က ပြောပါတယ်။

မိန့်ခွန်းကို သွားရောက် နားထောင်ခဲ့တဲ့ လူငယ်တွေကတော့ မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ပညာရေး အပြင် ပိုမို ကျယ်ပြန့်တဲ့ ပညာရေး အကူညီတွေပေးစေ ချင်ကြပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး အစီအစဉ်မှာ လူငယ်တွေ ပိုမိုပါဝင်နိုင်ခွင့် ရှိစေဖို့လည်း မျှော်လင့်ကြသူတွေ ရှိပါတယ်။

မြန်မာ့ အရေး လေ့လာ သုံးသပ်သူ ဆွီဒင် နိုင်ငံသား သတင်းစာ ဆရာ Bertil Litner ကတော့ ဘုရင်ကြီး ပြောသလို မြန်မာ နိုင်ငံ အနေနဲ့ နော်ဝေကနေ သင်ခန်းစာ ယူနိုင်စရာ ဘာမှ သိပ်မရှိလှဘူးလို့ ပြောပါတယ်။

တချိန်က မြန်မာ့ ဒီမိုကရေစီရေး အတွက် ထောက်ခံ အားပေးခဲ့တဲ့ နော်ဝေနိုင်ငံဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် အတွင်း အစိုးရနဲ့ ပိုမို နီးစပ်သွားပြီး ဒီမိုကရေစီ အင်အားစုတွေကို ပေးနေတဲ့ အကူအညီတွေကိုလည်း မပေးတော့ဘူးလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု လက်ရှိ အခြေ အနေက စစ်တပ်က ပေးသလောက်ပဲ ရမယ့် အနေအထားမှာ ပြောင်းလဲရေးကို ကိုယ့်နိုင်ငံသားတွေက လုပ်ဆောင်မှ ရမယ်လို့လည်း မစ္စတာ Litner က ပြောပါတယ်။

နော်ဝေလို နိုင်ငံက မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကြီး အကျယ် ပြောင်းလဲ သွားဖို့ထက် စီးပွားရေး လုပ်ဖို့ကိုသာ ပိုစိတ်ဝင်စားလိမ့်မယ်လိုလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ