မဟန စည်းဝေးမှတ်တမ်း သက်သေအဖြစ် တရားရုံးလက်မခံ

  • 3 ဒီဇင်ဘာ 2014
Santisukha Monastery
Image caption ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မဟာသန္တိသုခကျောင်း

မဟာသန္တိသုခကျောင်း အမှု နဲ့ တရားရင်ဆိုင်နေရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရ တို့ဘက်ကနေ အမှုအတွက် တရားရုံး သက်သေခံ အဖြစ် တင်သွင်းတဲ့ နိုင်ငံတော် သံဃာမဟာနာယက (မဟန) ရဲ့ အစည်းအဝေးမှတ်တမ်း ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။

မဟာသန္တိသုခ ကျောင်းကိစ္စမှာ သံဃာတွေကို တရားစွဲဖို့ ညွှန်ကြားချက်တွေ ပါတဲ့ သံဃာမဟာနာယရဲ့ အစည်းအဝေးမှတ်တမ်းကို တာမွေမြို့နယ် တရားရုံးက သက်သေအဖြစ်လက်ခံဖို့ ပယ်ချခဲ့ပြီးတဲ့နောက် အခုလည်း ခရိုင်တရားက လက်မခံဘဲ ထပ်ပယ်ချလိုက်တာပါ။

မဟနရဲ့ အစည်းအဝေးဟာ သန္တိသုခ ကျောင်းကို အာဏာပိုင်တွေဘက်က ဝင်ရောက် ချိတ်ပိတ်ခဲ့တဲ့ ဇွန်လ (၁၀)ရက် နေ့ည မတိုင်ခင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တရားရုံးကတော့ အစည်းအဝေးမှတ်တမ်းဆိုတာ ကန့်သတ်ဖြစ်တဲ့ အတွက် အများပြည်သူကို သက်သေအဖြစ် တင်ပြရန် မသင့်ဘူးလို့ အမိန့်ချခဲ့ကြောင်း အမှုမှာ ရှေ့နေလိုက်ပေးနေတဲ့ ဦးသိန်းဝင်းက ပြောပါတယ်။

သန္တိသုခ ကျောင်းကို ချိတ်ပိတ်ဖို့ နဲ့ သံဃာတွေကို တရားစွဲဖို့ ညွှန်ကြားချက်တွေ ပါနေတဲ့ ဒီအစည်းအဝေးမှတ်တမ်း ကတော့ အမှုမှာ သက်သေခံ အဖြစ် တင်ပြနိုင်ဖို့ အရေးကြီးတယ် ဆိုပြီး ရှေ့နေ ဦးသိန်းဝင်းက ပြောပါတယ်။

Image caption ကျောင်းပိုင်ဆိုင်မှု အငြင်းပွားရာက တရားရင်ဆိုင်နေရ

တစ်နေ့ထဲမှာ သာသနာရေး ဦးစီးဌာန ညွှန်ချုပ်ဆီက ညွှန်ကြားချက်၊ တိုင်းသာသနာရေး ဦးစီးဌာနက ညွှန်ကြားချက်၊ မဟန ရဲ့ ညွှန်ကြားချက်၊ ရန်ကုန်တိုင်း အစိုးရရဲ့ ညွှန်ကြားချက် ဆိုပြီး ထွက်ခဲ့တဲ့ ညွန်ကြားချက် လေးစောင် စလုံး ဒီ အစည်းအဝေးမှတ်တမ်းမှာ ပါဝင်တဲ့ အတွက် အရေးကြီးတဲ့ သက်သေခံ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီအမှုမှာ ကျောင်းပိုင်ဆိုင်မှု နဲ့ ပတ်သက်လို့ ပီနန်ဆရာတော်ကြီး ဘက်က တင်တဲ့ သက်သေခံစာကိုတော့ ခရိုင်တရားရုံးက လက်ခံထားလိုက်တယ်လို့ သိရပါတယ်။ ပယ်ချလိုက်တဲ့ ဒီအစည်းအဝေးမှတ်တမ်း ကိုတော့ တရားရုံး သက်သေခံ အဖြစ်လက်ခံပေးဖို့ ရန်ကုန်တိုင်း တရားရုံးမှာ ဆက်လက် တင်သွင်းမယ်လို့လည်း ရှေ့နေ ဦးသိန်းဝင်း က ပြောပါတယ်။

လောလောဆယ်မှာ သန္တိသုခကျောင်း ကိစ္စ နဲ့ ပတ်သက်လို့ သာသနာရေးဝန်ကြီးဌာနက လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ(၅)ပါးကို သာသနာရေး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ အပြင် သာသနာ ညှိုးနွမ်းစေမှု ပြစ်မှု ပုဒ်မ ၂၀/၉၀ နဲ့ တရားစွဲဆို ထားပါတယ်။

တရားရင်ဆိုင်နေရတာ (၅)လလောက် ကြာနေပြီ ဖြစ်တဲ့ ဒီအမှုမှာ တရားရုံးက တရားလိုပြ သက်သေတွေကို စစ်ဆေးနေတုန်းဘဲ ရှိသေးတဲ့အတွက် အမှုစစ်ဆေးမှုဟာ အချိန်ကြာမြင့်ဖို့ ရှိပါတယ်။