မြန်မာနိုင်ငံက နိုင်ငံတကာမသန်စွမ်းသူများနေ့

  • 3 ဒီဇင်ဘာ 2014
disability_304x171_spl_ ဓာတ်ပုံ မူပိုင် SPL
Image caption ဘီးတပ် ကုလားထိုင်သုံး မသန်စွမ်းသူ

ဒီဇင်ဘာလ ၃ ရက်နေ့ဟာ နိုင်ငံတကာ မသန်စွမ်းသူများနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာလည်း မသန်စွမ်းသူတွေ ရဲ့ လှုပ်ရှားမှု ကတော့ ရန်ကုန် ကနေ မန္တလေး မြို့ အထိ ဘီးတပ် ကုလားထိုင် တွေ ကို လက် နဲ့ တွန်းပြီး ၁၇ ရက်ကြာ ခရီးနှင်ခဲ့တာ ဖြစ်ပါတယ်။

မနေ့ ညနေ က မန္တလေး မြို့ ကို ပန်းဝင်လာကြတဲ့ အခါမှာ ကျောင်းသူ ကျောင်းသားတွေ နဲ့ သက်ဆိုင်ရာ အစိုးရ အရာရှိတွေ ပါ အားပေး ကြိုဆိုကြပါတယ်။ ဘီးတပ် ကုလားထိုင် ၁၀ စီး၊ စက်ဘီးတစီး နဲ့ ခရီးစထွက် လာရာ မှာ လမ်းမှာ ပါဝင်လာကြတဲ့ သူတွေနဲ့ အတူ စုစုပေါင်း ဘီးတပ် ကုလားထိုင် ၂၂ စီးနဲ့ စက်ဘီး ၂ စီး ပန်းဝင်လာခဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က မန္တလေး ကနေ သတင်းပေးပို့ လိုက်ပါတယ်။

ကုလသမဂ္ဂ က မသန်စွမ်းသူများ ရဲ့ ဘဝ ကို မြှင့်တင်နိုင်ရေး အတွက် ၁၉၈၃ ခုနှစ် က စတင်သတ်မှတ်လိုက်ပြီး ကမ္ဘာ ကို အသိပေး အရေးထား စေခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ် မှာတော့ ကုလ အထွေထွေ ညီလာခံ ကနေ ဒီဇင်လာလ ၃ ရက်နေ့ တိုင်း သတ်မှတ် ကျင်းပပေးခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်းလည်း မသန်စွမ်းသူတွေ အတွက် ဉီးတည်ချက် တခု သတ်မှတ်ပေးခဲ့ ရာမှာ ၂၀၁၄ ခုနှစ် အတွက် က ထိခိုက်မှု အန္တရာယ် ကင်းစေရေး နဲ့ အရေးပေါ် ကူညီမှု ပေးရေး ဖြစ်ပါတယ်။ မသန်စွမ်းသူတွေ အတွက် အလုပ် လုပ်ကိုင်နိုင်တဲ့ အခင်းအကျင်း လည်း ဖန်တီးပေးရေး ပါဝင်ပါတယ်။