နိုင်ငံအလိုက် လာဘ်ပေးလာဘ်ယူ အစီရင်ခံစာ ထွက်လာ

  • 4 ဒီဇင်ဘာ 2014
_transparency_international_ ဓာတ်ပုံ မူပိုင် transparency international
Image caption နိုင်ငံတကာ အဂတိလိုက်စားမှု စါရင်းပြ မြေပုံ

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံ အလိုက် လာဘ်ပေး လာဘ်ယူမှု အစီရင်ခံစာ ကို Transparency International အဖွဲ့ က ထုတ်ပြန်လိုက် ရာမှာ မြန်မာနိုင်ငံ က အဆင့် ၁၅၆ ရောက်လာလို့ မနှစ် ကထက် စာရင် ၁၉ ဆင့် မြင့်တက်လာပါတယ်။

ဒီစါရင်း ဇယား ညွှန်းကိန်း အရ တိုးတက်မှု ရှိလာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် မှ ပြောခွင့်ရ ဦးသန်းအောင် က အဂတိလိုက်စားမှု ကျူးလွန်သူတွေ ကို တရားရုံးတင် စစ်ဆေး အရေးယူမှု တွေ ရှိလာလို့ အပြုသဘောဘက် ရောက်လာပုံ ရကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

အဓိက စိန်ခေါ်မှု တွေ နဲ့ ပတ်သက်ရာ မှာ တော့ အဂတိ လိုက်စားမှု ဥပဒေ ပုဒ်မ နဲ့ အကျုံးဝင်မှသာ အရေးယူ လို့ ရတဲ့ အကြောင်း နဲ့ လက်ခံ ရရှိတဲ့ တိုင်ကြားစာတွေ မှာ သက်သေ အထောက်အထား မပြည့်စုံ ရင်၊ ရုံးတင် အမှု မဖွင့်နိုင်ပုံ လည်း ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ အဂတိ လိုက်စားမှု တွေ ရှိနေတယ် ဆိုတာကို လက်ခံတဲ့ အကြောင်း၊ ထိထိရောက်ရောက် နဲ့ အထောက်အထား အပြည့်အစုံ နဲ့ တိုင်ကြားရင် တော့ ပုဒ်မ ၂၂ အရ အမှုဖွင့် အရေးယူနိုင်ကြောင်း ဦးသန်းအောင် က ရှင်းပြပါတယ်။ အထူးသဖြင့် နစ်နာသူ ဘက် က ဘယ်စားသောက်ဆိုင် မှု ကျွေးမွေးပြုစု လိုက်ရပါတယ်၊ ဘယ်လို တံစိုးလက်ဆောင် ပေးလိုက်ရပါတယ် ဆိုတာကို ဘောက်ချာ ဖြတ်ပိုင်း နဲ့ ပြသနိုင်ရင်၊ လူသက်သေ ပြနိုင်ရင် တရားစွဲ အပြစ်ပေးတဲ့ အမှုတွေ ရှိကြောင်း လည်း ပြောပါတယ်။

ဝင်ငွေ လစာ နည်းပါးမှု၊ မလောက်မင ဖြစ်တာတွေ ကြောင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မှာ အဟန့်အတား ဖြစ်နိုင်ချေ ရှိလို့ လစာငွေ တိုးပေးရင်ကော ပပျောက် နိုင်မလား ဆိုရာမှာတော့၊ အဂတိ လိုက်စားချင်စိတ် ရှိသူကတော့ ပြုပြင်မှာ မဟုတ်တဲ့ အကြောင်း၊ စိတ်ဓါတ် ပေါ်မှာဘဲ မူတည်ပုံ ကို မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် မှ ပြောခွင့်ရ ဦးသန်းအောင် က ဘီဘီစီ ကို ရှင်းပြပါတယ်။