မူဆယ်က ကုန်သည် တချို့ ဘဏ်စာရင်းပိတ်ခံရ

China Burma Border trade ဓာတ်ပုံ မူပိုင် BBC Burmese
Image caption တရုတ် မြန်မာ နယ်စပ် မူဆယ် ဂိတ်ဟာ နှစ်နိုင်ငံ ကုန်သွယ်မှု အတွက် အရေးပါတဲ့ နေရာဖြစ်

ပြီးခဲ့တဲ့ သောကြာနေ့ နိုဝင်ဘာ ၂၈ ရက်က စပြီး မြန်မာနဲ့ တရုတ် နိုင်ငံ နယ်စပ် နှစ်နိုင်ငံ ကုန်သည်တွေနဲ့ ဆက်စပ်နေတဲ့ မူဆယ်၊ ကြယ်ဂေါင်နဲ့ ရွှေလီ စတဲ့ မြို့တို့က ရာနဲ့ ချီတဲ့ ဘဏ်စာရင်း တွေကို တရုတ် အစိုးရက ပိတ်လိုက်ရာမှာ မြန်မာ ကုန်သည် တချို့လည်း ပါတယ်လို့ သိရပါတယ်။

တရုတ် နိုင်ငံ ဘက်မှာ အကျင့်ပျက် ခြစားမှု၊ ငွေမဲ ခဝါချမှု နဲ့ တရားမဝင် ငွေစီးဆင်းမှုတွေကို တိုက်ဖျက် နေတဲ့ အချိန်မှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတို့က ရတဲ့ ငွေတွေဝင်တယ်လို့ မသင်္ကာတဲ့ ဘဏ်စာရင်းတွေကို တရုတ် အစိုးရ ဘက်က ပိတ်ပင်တာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ် မူဆယ် ရုံးခွဲက ဆန်စပါး ကုန်စည်ဒိုင် ဒုတိယ ဥက္ကဌ ဦးချမ်းသာဦးက ပြောပါတယ်။

အပိတ်ခံရတဲ့ မြန်မာ ကုန်သည် ၁၀ ယောက်ကနေ ၁၅ ယောက်လောက် အထိပဲ ရှိပြီး တရုတ် နိုင်ငံဘက်ကတော့ ရာနဲ့ ချီရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာ ကုန်စသည်တွေက ဆန်လို ပြောင်းလို ကုန်တွေကို ရောင်းဝယ်တဲ့ နေရာမှာ ဟွန်ဒီလို့ ခေါ်တဲ့ တရားမဝင် ငွေလဲသူတွေကနေ တဆင့် လဲလှယ်ကြရတာ ဖြစ်ပြီး တဘက် နိုင်ငံက လာတဲ့ ငွေတွေဟာ ငွေဖြူ ဖြစ်သလား ငွေမဲလား ဆိုတာ မသိနိုင်ကြဘူးလို့လည်း ဦးချမ်းသာဦးက ပြောပါတယ်။

ဒါကြောင့် အဲဒီ ဟွန်ဒီ သမား အပိတ်ခံရရင် သူနဲ့ ဆက်စပ်မိတဲ့ မြန်မာ ကုန်သည်တွေလည်း မသင်္ကာခံရသူ စာရင်း ဝင်သွားပြီး အပိတ်ခံကြရ နိုင်တယ်လို့ သူက ဆိုပါတယ်။

တရုတ်မြန်မာ နယ်စပ်မှာ ဒါမျိုးက ဖြစ်လေ့ဖြစ်ထ ရှိပြီး အခု တစ်ခေါက်ကတော့ တရုတ် သမ္မတ ရှီကျင်ပင်းက ငွေဖြူငွေမည်း ခဝါချမှုကို အလေးထား တိုက်ဖျက်ဖို့ စီမံကိန်းချ ဆောင်ရွက်နေတဲ့ အတွက် ပိုမို ကြီးကျယ်သွားတာလို့ ဦးချမ်းသာဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ