မြန်မာနဲ့ စစ်ရေးဆက်ဆံရေး မတိုးဖို့ အမေရိကန် ဗိုလ်ချုပ်ကြီးပြော

  • 4 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption စစ်အစိုးရကနေ အရပ်သား အစိုးရ ဖြစ်လာပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်က ချုပ်ကိုင်ထားဆဲပဲလို့ ဆို

အမေရိကန် စစ်တပ်ရဲ့ ပစိဖိတ်ဆိုင်ရာ တပ်မှူးသစ် အဖြစ် အဆိုပြုခံထားရတဲ့ ရေတပ် ဗိုလ်ချုပ်ကြီး က မြန်မာနိုင်ငံမှာ စစ်တပ် က ချုပ်ကိုင်ထားဆဲ ဖြစ်တာကြောင့် အမေရိကန် အစိုးရအနေနဲ့ မြန်မာ အစိုးရနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ မသင့်သေးဘူးလို့ ပြောကြားလိုက်ပါတယ်။

သူ့ကို ဒီရာထူး ခန့်အပ်ဖို့ ဆီးနိတ်လွှတ်တော်ရဲ့ ကြားနာပွဲအတွက် ပေါ်လစီပိုင်းဆိုင်ရာ မေးခွန်းတွေကို စာနဲ့ ပြန်ဖြေခဲ့စဉ်အတွင်း ဗိုလ်ချုပ်ကြီး Harry Harris က သူ့သဘောထား အမြင်ကို အခုလို ပြောခဲ့တာပါ။

ဒါဟာ အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တဦး အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေအပေါ် ခါတိုင်းနဲ့ မတူ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ထိပ်တန်း သံတမန်တဦး ဖြစ်ခဲ့ဖူးသူ Ms Priscilla Clapp ကတော့ ဗိုလ်ချုပ်ကြီး Harry Harris ရဲ့ သဘောထားဟာ အမေရိကန် အစိုးရရဲ့ ပေါ်လစီနဲ့ တထပ်တည်းပဲလို့ ရှုမြင်ပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အမေရိကန် အစိုးရဟာ မြန်မာစစ်တပ်နဲ့ ပြောဆို ဆက်ဆံမှုတွေ ရှိတယ် ဆိုပေမယ့် အမေရိကန် ပေါ်လစီအရ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဘယ်နိုင်ငံကိုမှ စစ်ရေး အထောက်အပံ့တွေ မပေးရဘူး ဆိုတဲ့မူက ရှိပြီးသားဖြစ်တယ်လို့ Priscilla Clapp ပြောပါတယ်။

ပြီးခဲ့တဲ့ လက မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာလည်း အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ နှေးကွေး ဒါမှမဟုတ် နောက်ပြန်ဆုတ်နေတယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး Harry Harris ဟာ အရင်တုန်းကလည်း စစ်ဦးစီးချုပ် ကိုယ်စားလှယ်အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွဲလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

သူဟာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူ ဖြစ်ပြီး တကယ်လို့သာ ကွန်ဂရက်က အတည်ပြုခဲ့မယ်ဆိုရင် ပစိဖိတ်မှာရှိတဲ့ အမေရိကန် ရေတပ်တခုလုံးရဲ့ အကြီးအကဲ ဖြစ်လာနိုင်ဘွယ် ရှိပါတယ်။