မြန်မာပြည် မြေမြှုပ်မိုင်း သုံးမှုကျဆင်း

  • 5 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ICBL ဟာ မြေမြှုပ်မိုင်း တားဆီးရေး ဆောင်ရွက် တဲ့အဖွဲ့ပါ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အတွင်း မြေမြှုပ်မိုင်းတွေ အသုံးပြုတာ သိသိသာသာ ကျဆင်းခဲ့တယ်လို့ ICBL မြေမြှုပ်မိုင်း တား ဆီရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ဆိုထား ပါတယ်။

မြန်မာ နိုင်ငံမှာ မြေမြှုပ်မိုင်း အသုံးပြုမှု အခြေအနေနဲ့၊ သုံးစွဲမှု တားဆီးနိုင်မယ့် အလားအလာ တွေ ဘယ်လိုရှိနေလဲ ဆိုတာကို အစီရင်ခံစာရဲ့ အယ်ဒီတာ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု Human Rights Watch လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က Mary Warehem ကို ဆက်သွယ် မေးထား ပါတယ်။

ဖြေ။ ဒီဇင်ဘာ ၁ရက်၊ တနင်္လာနေ့ တုန်းက မြန်မာအစိုးရ ဟာ ဇီဝလက်နက် တားမြစ်ရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်ကို ဂျီနီဗာမှာ လက်မှတ် ထိုးခဲ့ပါ တယ်။ ဒါဟာ အရေးပါတဲ့ ခြေလှမ်းပါ။ ရှေ့ဆက်ပြီး မြေမြှုပ်မိုင်း တားဆီးရေးတို့၊ ဓါတုလက်နက် တားဆီးရေးတို့လို နိုင်ငံတကာ သဘောတူညီချက် တွေမှာ ရော ပါဝင်လာမလားလို့ မျှော်လင့် နိုင်ပါတယ်။ မြန်မာ အစိုးရ ကိုယ်စားလှယ် တွေဟာ ဂျီနီဗာမှာ ကျင်းပတဲ့ မိုင်း တားဆီးရေး ဆိုင်ရာ အစည်းဝေး တွေမှာ တောက်လျှောက် တက်ရောက်တာ တွေ့ရ ပါတယ်။ အဲဒီလို တက်လာတဲ့ အခါမှာလည်း ဒီစာချုပ်ကို ထောက်ခံကြောင်း ပြောခဲ့ တာတွေ ရှိပါတယ်။ တဖက်မှာ ကျတော့လည်း မြန်မာ သမ္မတ အပါအဝင် ထိပ်တန်း ခေါင်းဆောင်တွေ ကိုယ်တိုင်လည်း ၂၀၁၂ ခု နိုဝင်ဘာလ မှာ ကျင်းပတဲ့ အာဆီယံ အစည်းဝေး မှာတုန်းက သူတို့ဟာ လူ့အသက် အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ဖို့ အရံအတား ပြုရာမှာ မြေမြှုပ်မိုင်း တွေ ဟာအသုံးဝင်တယ်လို့ ပြောခဲ့ ပါတယ်။ ဒီတော့ မြန်မာ အစိုးရဟာ မြေမြှုပ်မိုင်း သုံးတာ ကိုစွန့်လွှတ်မယ့် အနေအထား မျိုးတော့ မတွေ့ ရသေးပါဘူး။

မေး။ အစိုးရက လူ့အသက် အိုးအိမ်တွေကို ကာကွယ်ဖို့ အသုံးဝင်တယ် ဆိုပေမယ့် မိုင်းကြောင့် ထိခိုက်သူတွေ ထဲမှာ အရပ်သား တွေက အများကြီး ဖြစ်နေတယ် မို့လား။ အဲဒါနဲ့ ပတ်သက်လို့ရော အခြေအနေက ဘယ်လိုရှိနေ ပါလဲ။

ဖြေ။ ကျွန်မတို့ သိထားသလောက် မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေ အများကြီး ရှိနေတယ်လို့ ယုံကြည်ရ ပါတယ်။ ဘင်္ဂလားဒက်ရှ် အိန္ဒိယ တရုတ်နဲ့ ထိုင်းနယ်စပ် အားလုံးမှာ မိုင်းတွေ ရှိပါတယ်။ ပြည်နယ်တွေ အားလုံးလိုလို မှာလည်း မိုင်း တွေ ရှိနေပြီး နိုင်ငံ အရှေ့ပိုင်း ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း တွေမှာ ပိုများ ပါတယ်။ ဒီမိုင်းတွေကြောင့် ၂၀၁၃ ခုနှစ်မှာ မြန်မာ နိုင်ငံအတွင်း နင်းမိုင်း ထိတဲ့သူ အရေအတွက် အနည်းဆုံး ၁၀၀ ရှိပါတယ်။ ဒါဟာ စာရင်း မရနိုင်တဲ့ တကယ့် အရေအတွက် ထက် စာရင် အများကြီး နည်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတခုလုံးမှာ မိုင်းဘယ်လောက် ရှိ လဲ ဆိုတာသွား ပြီး ဆန်းစစ် လေ့လာလို့ မရနိုင်ပါဘူး။

မေး။ ဒါဆိုရင် ဒီမိုင်းတွေကို သုံးနေတာတွေဟာ တိုးလာနေလား လျော့သွားလား၊ ဘယ်လောက် ပမာဏ ရှိလဲဆိုတာမျိုး ပြောနိုင်လား။

ဖြေ။ တနိုင်ငံလုံးကို လွှမ်းခြုံ သိနိုင်မယ့် သတင်းအချက် အလက်မျိုး ကို မြန်မာပြည်ထဲက ရနိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အတွင်း အစိုးရက တကယ် အသုံးပြုနေတဲ့ ဥပမာတွေကို လိုက်ရှာ ကြည့်တဲ့ အခါမှာတော့ အရင်နှစ် တွေကလောက် အလွယ်တကူ ရှာလို့ မတွေ့တော့ ပါဘူး။ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေ ကထောင်တဲ့မိုင်း တွေကြောင့် ထိခိုက်တဲ့ ဥပမာတွေကို လိုက်ရှာတော့လည်း အတော်လေးကို တွေ့ရနည်းသွား ပါတယ်။ ဒီတော့ အားလုံး ခြုံကြည့်ရင် မြေမြှုပ်မိုင်း သုံးတာ ကျသွားတယ်လို့ ပြောနိုင်ပေမယ့် စာရင်း အတိအကျနဲ့တော့ ပြောလို့မရ ပါဘူး။

မေး။ အခုတော့ မြန်မာ အစိုးရက မိုင်းတားဆီးရေး နိုင်ငံတကာ စာချုပ်ကို လိုက်နာဖို့ စိတ်ဝင်စားတဲ့ လက္ခဏာ ပြလာတယ်လို့ စောစောက ပြောခဲ့တော့ တကယ်တမ်း အဲဒီလို လိုက်နာဖို့ ဘာတွေ လုပ်ပြဖို့ လိုပါလဲ။

ဖြေ။ မိုင်းတားဆီးရေး နိုင်ငံတကာ စာချုပ်ကို ပါဝင် လိုက်နာဖို့ ဆောင်ရွက်တဲ့ နည်းလမ်းတွေမှာ နိုင်ငံ အလိုက် ကွာခြားမှုတွေ ရှိပါတယ်။ ဒါပေမယ့် ထိပ်ဆုံးက ခေါင်းဆောင် တွေရဲ့ ဆုံးဖြတ်ချက် ပါဝင်ဖို့ လိုအပ်ပါတယ်။ အဲဒီလို လိုက်နာဖို့ အတွက် ဒီလက် နက်တွေကို ထုတ်လုပ်တာ၊ အသုံးပြုတာ တွေကို ရပ်ဖို့ လိုတယ်ဆိုတာ ကို အဲဒီလိုခေါင်းဆောင် ပိုင်းက အသိအမှတ် ပြုဖို့ လိုအပ် ပါတယ်။ ကျွန်မတို့ မြန်မာအစိုးရ ဆီက အဲဒီလို မိုင်းအသုံးပြုမှု ရပ်ဆိုင်းမယ် ဆိုတဲ့ ကြေညာချက်မျိုး ထွက်လာဖို့ စောင့်မျှော် နေပါတယ်။