ကော့တောင်ကျွန်း လူသတ်မှုအပေါ် UK ရဲ စုံစမ်းမှု မပြည့်စုံဘူးလို့ ဆို

  • 6 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption Hannah Witheridge နဲ့ David Millerတို့ ကော့တောင်ကျွန်းမှာ အသတ်ခံခဲ့ရ

ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ UK ရဲတွေရဲ့ စုံစမ်းမှုဟာ ပြည့်စုံမှု မရှိဘူးလို့ လူသတ်မှုနဲ့ စွပ်စွဲခံထားရသူ မြန်မာ နှစ်ဦးရဲ့ ရှေ့နေ က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

အသတ်ခံခဲ့ရတဲ့ ဗြိတိသျှ လူမျိုးနှစ်ဦးရဲ့ ကျန်ရစ်သူ မိသားစုတွေက သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ UK ရဲတွေရဲ့ စုံစမ်း တွေ့ရှိချက်တွေဟာ အတော်လေး ခိုင်မာပုံရပြီး စွပ်စွဲခံ မြန်မာနှစ်ဦးအနေနဲ့ ခုခံ ဖြေရှင်းဖို့ အခက်တွေ့နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

စွပ်စွဲခံ မြန်မာ နှစ်ဦးဘက်ကနေ ထောက်ခံ ပြောဆိုမှုတွေ လူမှု ကွန်ရက် မီဒီယာတွေမှာ ပြန့်နှံ့နေကြောင်းနဲ့ လောလောဆယ် အထောက်အထား အချက်အလက် အပြည့်အစုံ မရှိသေးပဲ လူမှုကွန်ရက်တွေမှာ ထင်ကြေးပေး ဖေါ်ပြတာမျိုးတွေ မလုပ်ဖို့ ကျန်ရစ်သူ မိသားစုတွေက တိုက်တွန်းထားပါတယ်။

ရှေ့နေ ဦးအောင်မျိုးသန်းကတော့ ဒီအမှုကို စုံစမ်းဖို့ UK ရဲတွေ ထိုင်းကို လာပြီး စစ်ဆေးတဲ့အခါ ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ပဲ ပူးပေါင်း စစ်ဆေးသွားပြီး တရားခံဘက်က သက်ဆိုင်သူတွေ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

တရားခံတွေဘက်ကတော့ သံရုံး အထူး စုံစမ်းရေး အဖွဲ့အနေနဲ့ အသေအချာကွင်းဆင်း စုံစမ်းစစ်ဆေးတာမျိုးတွေ၊ ကော့တောင်ကျွန်းကနေ ထွက်ခွာသွားသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို လိုက်လံရှာဖွေပြီး ကိုယ်တွေ့ မေးမြန်းတာမျိုးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တရားခံ မြန်မာ လူငယ် နှစ်ဦးဟာ မျက်မြင် သက်သေ မရှိပဲ သေဒဏ် ထိုက်တဲ့ ပုဒ်မကြီးတွေနဲ့ စွပ်စွဲခံထားရတာမို့ တရားလိုဘက်က ရှာဖွေ တင်ပြတဲ့ သက်သေခံချက်တွေကို တရားရုံးအနေနဲ့ တိကျစွာ ထည့်သွင်း စဉ်းစားပေးမှသာ တရားစီရင်မှုက တရားမျှတမယ်လို့လည်း ရှေ့နေ ဦးအောင်မျိုးသန်းက ပြောပါတယ်။

UK ရဲကတော့ ဒီအမှုနဲ့ ပတ်သက်လို့ သူတို့ရဲ့ စုံစမ်း တွေ့ရှိချက်တွေကို ထုတ်ပြန် ကြေညာဖို့ ငြင်းဆိုခဲ့ပါတယ်။