တရားရုံး ဆုံးဖြတ်ချက် မကျေနပ်လို့ မိုးညှင်းမှာ ဆူပူ

  • 7 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption နောက်က သွေးထိုး လှုံ့ဆော် သူတွေ ရှိတယ်လို့ ဆို

ကချင် ပြည်နယ် မိုးညှင်းမြို့နယ်မှာ မုဒိမ်းမှု တမှုနဲ့ ပတ်သက်လို့ ခရိုင် တရား ရုံးရဲ့ ပြစ်ဒဏ် ချမှတ်မှု အပေါ် မကျေနပ် ကြလို့ လူစု လူဝေး ဖွဲ့ ကာ ပြီးခဲ့တဲ့ ရက်ပိုင်း က တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါတယ်။

သက်ငယ် မုဒိမ်းမှု ကျူးလွန်တဲ့ တရားခံကို ဒီဇင်ဘာလ(၄)ရက်နေ့က မိုးညှင်း ခရိုင် တရားရုံးက ချမှတ် လိုက်တဲ့ ထောင်ဒဏ် (၁၅)နှစ် ပြစ်ဒဏ်က နည်းတယ် ဆိုပြီး ဒေသခံ ပြည်သူ (၂ဝဝ) လောက်က စုဝေးပြီး ဆူပူ တိုက်ခိုက် တာတွေ လုပ်ခဲ့ တာ ဖြစ်ပါတယ်။

အခုတော့ မိုးညှင်း မြို့နယ်မှာ အခြေ အနေ တွေက တည်ငြိမ် သွားပြီ ဖြစ်ပြီး ဒီဆူပူ မှုမှာ နောက်ကနေ သွေးထိုး လှုံဆော် သူတွေ ရှိခဲ့ တယ်လို့ မိုးညှင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။

ဒီ လူအုပ်ဟာ ခရိုင် တရားသူကြီး နေအိမ်ကို ခဲတွေနဲ့ ပစ်ပေါက် ၊ အများပိုင် ပစ္စည်းတွေကို ဖျက်စီးမှု တွေ လုပ်ခဲ့တဲ့ အတွက် ရဲတွေက သေနတ် ပစ်ဖောက် ပြီး လူစု ခွဲခဲ့ ရတဲ့ အထိ ဖြစ်ခဲ့ ပါတယ်။

ဆူပူ မှုမှာ အဓိက ပါဝင်တဲ့ သွေးထိုး လှုံဆော် သူတွေကို လည်း စုံစမ်း စစ်ဆေး နေတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါ တယ်။

လွန်ခဲ့တဲ့ (၂)လ လောက်က မိုးကောင်းမှာ ဖြစ်ခဲ့တဲ့ မုဒိမ်း မှုဟာ အသက် (၁၅)နှစ် အရွယ် ဗုဒ္ဓ ဘာသာဝင် ကျောင်းသူ တစ်ဦးကို ဘာသာ ခြား အမျိုးသား တစ်ဦးက ကျူးလွန် ခဲ့တာ ဖြစ်ပါတယ်။

ခရိုင် တရား ရုံးမှာ စစ်ဆေး ခဲ့တဲ့ ဒီအမှုမှာ ကျူးလွန်တဲ့ တရားခံကို တော့ တရားရုံးက အလုပ် ကြမ်း နဲ့ ထောင်ဒဏ် (၁၅)နှစ် ချမှတ်ခဲ့ ပါတယ်။

အခုလို တရားရုံး တွေ ရဲ့ ဆုံးဖြတ်ချက် တွေကို လူတွေက သံသယ ဖြစ်တာတွေ အပြင် လူမျိုးရေး ဘာသာရေး ကို အခြေခံတဲ့ အကြောင်းရင်း တွေကို ဖွေရှာပြီး အခုလို လူအုပ်ဖွဲ့ တိုက်ခိုက် မှုတွေ လုပ် လာ တာက စိုးရိမ် စရာတွေ ဖြစ်စေ နိုင်တယ် ဆိုတဲ့ သုံးသပ် မှုတွေ လည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ