မြန်မာ အတွက် EU ထောက်ပံ့မှု အသစ် ကြေညာ

  • 8 ဒီဇင်ဘာ 2014
eu flag ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ အခြေအနေတွေ EU အနီးကပ် လေ့လာ

EU ဥရောပ သမဂ္ဂ က မြန်မာနိုင်ငံ အတွက် ယူရိုငွေ သန်း ၇ဝဝ နီးပါး အမေရိကန် ဒေါ်လာနဲ့ ဆိုရင် သန်း ၉ဝဝ နီးပါး ထောက်ပံ့မယ် လို့ ထုတ်ဖော် ကြေညာ လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ နှေးကွေး နေတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေချိန် မှာပဲ EU က အခုလို မြန်မာနိုင်ငံ အတွက် အထောက်အပံ့ အကူအညီတွေ ပေးမယ် ဆိုတဲ့ ကြေညာချက် ထွက်ပေါ် လာတာပါ။

၂ဝ၁၄ ကနေ ၂ဝ၂ဝ အတွင်း မြန်မာနိုင်ငံရဲ့ အသွင် ကူးပြောင်း ရေး ကာလ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အတွက် ထောက်ပံ့ ကူညီ သွားမှာပါ။

အဓိကအားဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အတွက် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေ၊ စားနပ် ရိက္ခာနဲ့ အာဟာရ ဖြည့်တင်းရေး၊ ပညာရေး၊ တရား ဥပဒေ စိုးမိုးရေး စတဲ့ ကိစ္စတွေ အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အတွက် ထောက်ပံ့ ကူညီမယ် ဆိုတော့ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ အပေါ် မှာရော EU အနေနဲ့ ကျေနပ် အားရမှု ရှိပါသလား EU နိုင်ငံခြား ရေးရာ ပြောခွင့်ရ အမျိုးသမီး မာယာ ကိုဆီယန်းချစ်ခ် ကို ဆက်သွယ် မေးခဲ့ရာ မှာတော့

ဖြေ။ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တွေကို နောက်ထပ် အချိန်ယူ ဆောင်ရွက် ရအုံးမှာပါ။ EU က ထောက်ပံ့ ကူညီမှု တွေ ပေးဖို့ စီစဉ် ထားတဲ့ ၂ဝ၁၄ ကနေ ၂ဝ၂ဝ ဘဏ္ဍာရေး ကာလ အတွင်း မြန်မာ အစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေး တွေကို တကယ်တမ်း ဆောင်ရွက် မလား ဆိုတာ စိန်ခေါ်မှု တရပ် ဆိုတာ EU အနေနဲ့ သဘောပေါက် ပါတယ်။ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော် ဆောင်ရွက် နိုင်အောင် မြန်မာ အာဏာပိုင် တွေ နဲ့အတူ EU အဖွဲ့ ပူးပေါင်း လုပ်ဆောင် သွားမှာပါ။ EU ရဲ့ ကိုယ်တွေ့ အတွေ့ အကြုံတွေ အရ ပြောရမယ် ဆိုရင် အသွင် ကူးပြောင်းရေး ကာလ လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ အတွက် အချိန်ယူ ဆောင်ရွက်ရ ပါလိမ့်မယ် ။ နိုင်ငံရေး ဆန္ဒ နိုင်ငံရေး သန္နိဋ္ဌာန် ချထားဖို့ လိုပါလိမ့်မယ်။

မေး။ ဒါပေမဲ့ အခု လက်ရှိမှာ မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တွေဟာ နှေးကွေး နေပြီး နောက်ကြောင်း ပြန်လှည့်မယ့် အခြေအနေမျိုး တောင် ရှိနေတယ် ဆိုတဲ့ ဝေဖန်မှု တွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် လူ့ အခွင့်အရေး နဲ့ စာပေ လွတ်လပ်ခွင့် စတဲ့ ကိစ္စတွေမှာ ကန့်သတ် ချုပ်ချယ်မှု တွေ ပိုလုပ်လာတာ တွေ့ရပါတယ် ။ ဒီတော့ ဘာ့ကြောင့် ဒီလို အချိန်မျိုးမှာ EU က ထောက်ပံ့ ကူညီမှုတွေ လုပ်တာပါလဲ။

ဖြေ။ မြန်မာ နိုင်ငံ က အခြေအနေတွေ အားလုံးကို EU အနေနဲ့ အနီးကပ် စောင့်ကြည့် လေ့လာ နေပါတယ်။ ခုန ပြောတဲ့ လူ့အခွင့် အရေး ကိစ္စရပ်နဲ့ ပတ်သက်လို့ လည်း မကြာ သေးခင် က EU နဲ့ မြန်မာအစိုးရ အကြား ပထမဆုံး အကြိမ် လူ့အခွင့်အရေး ကိစ္စရပ် တွေ အကြောင်း ဆွေးနွေး ခဲ့ပါတယ်။ ဒီကိစ္စရပ် တွေ အားလုံး ကို မြန်မာ အာဏာပိုင် တွေနဲ့ တင် မက လူမှု အဖွဲ့အစည်း တွေနဲ့ရော၊ သက်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေ နဲ့ပါ EU က ပူးပေါင်း ဆောင်ရွက် နေပါတယ်။ ဒီတော့ကာ EU အနေနဲ့ ဒီကိစ္စတွေကို မေ့ထားတာ မဟုတ်ပါဘူး။ အခု အထောက်အပံ့ အကူအညီငွေတွေ ကလည်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တွေကို အရှိန် တိုးမြှင့် ဆောင်ရွက် နိုင်အောင် ရည်ရွယ်ပြီး ထောက်ပံ့ တာပါ။

မေး။ အခုပေးမယ့် အထောက်အပံ့ တွေဟာ မြန်မာ ပြည်သူ တွေအတွက် တကယ်တမ်း အထောက်အပံ့ ဖြစ်မယ်။ အာဏာပိုင်တွေ လက်ထဲရောက် မသွားဘူး ဆိုတာ ဘယ်လိုသိမှာပါလဲ။

ဖြေ။ EU မှာက အင်မတန် တင်းကြပ်တဲ့ စည်းမျဉ်း ဥပဒေတွေ ချမှတ် ထားပါတယ်။ ဥရောပ သမဂ္ဂဝင် နိုင်ငံ တွေက အခွန် ပေးနေသူတွေ ကလည်း ဒီငွေတွေကို ဘယ်လို သုံးသလဲ ဆိုတာ ကို သိချင်ကြပါတယ်။ ဒီတော့ အကြိမ်ကြိမ် အထပ်ထပ် စစ်ဆေးပြီးမှ ခိုင်မာ စိတ်ချ ရတဲ့ စီမံကိန်းမျိုး တွေအတွက် ထောက်ပံ့ ကူညီ သွားမှာပါ။ အာဏာပိုင်တွေ ဘက်ကလည်း ဒီစီမံကိန်းတွေကို တကယ် အကောင်အထည် ဖော်ပြရမှာပါ။ ဒါ့အပြင် အကူအညီ ငွေတွေကို ဘယ်လို သုံးတယ် ၊ ဘယ်နေရာ တွေမှာ သုံးတယ် ဆိုတာကို အသေးစိတ် တင်ပြရမှာ ဖြစ်ပါတယ်။ EU အနေနဲ့ ဒီထောက်ပံ့ငွေ တွေကို လက်လွတ်စပယ် ပေးလိုက်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ EU ကိုယ်စားလှယ် တွေကလည်း အနီးကပ် စောင့်ကြည့်မှာ ဖြစ်ပြီး ရည်ရွယ် ထားတဲ့အတိုင်း အသေအချာ စီမံကိန်းချ ဆောင်ရွက် သွားမှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ