ပြစ်မှု မကျူးလွန်ကြောင်း မြန်မာ အလုပ်သမား ၂ ယောက်ဆို

  • 8 ဒီဇင်ဘာ 2014
Accused Burmese Workers ဓာတ်ပုံ မူပိုင် Getty
Image caption ရိုက်နှက် ဖိအားပေးတဲ့ အတွက် သတ်ဖြတ် ခဲ့ကြောင်း ကနဦး ဝန်ခံခဲ့ကြရ

ထိုင်းနိုင်ငံ ကော်တောင် ကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ယောက်ကို သတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာ အလုပ်သမား ၂ ယောက်က သူတို့ ပြစ်မှု ကျူးလွန်ခြင်း မရှိကြောင်း တရားရုံးမှာ ငြင်းဆို ခဲ့ပါတယ်။

တရားလို ရှေ့နေတွေ ထိုင်းတရားရုံးမှာ ကြာသာပတေးနေ့က ပုဒ်မ ၇ မှုနဲ့ တင်ခဲ့တဲ့ အမှု အတွက် တရားခံ အဖြစ် စွပ်စွဲ ဖမ်းဆီး ခံထားရသူတွေကို တရားရုံးက ဒီကနေ့ ခေါ်ယူ မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

လူသတ်မှုနဲ့စွပ်စွဲခံ ထားရသူ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို စွဲဆိုထားတဲ့ ပုဒ်မ ၇ ခုမှာ လူသတ်မှု၊ မုဒိန်းမှုနဲ့ ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်မှု ပုဒ်မတွေ ပါဝင်ပါတယ်။

အမှုကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ စတင်ကြားနာဖို့ တရားရုံးက ချိန်းဆိုလိုက်တာကြောင့် ချိန်းဆိုရက်က သိပ်မြန်လွန်း တယ်လို့ မြန်မာ အလုပ်သမားတွေရဲ့ ရှေ့နေအဖြစ် ဆောင်ရွယ်ပေးမယ့် ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေနခေါန်း ချုမ်းဖူးချတ်က ပြောပါတယ်။

အချိန် နောက်ဆုတ်ပေးဖို့ကို တောင်းဆိုလို့လည်း မရတော့ ရှိတဲ့ သက်သေတွေနဲ့ အကောင်းဆုံး ဖြစ်အောင် လျှောက်လဲရမယ့် အကြောင်းနဲ့ အစိုးရ ရှေ့နေမှာ သက်သေ ဘယ်နှစ်ယောက်လဲ၊ ဘယ်သူတွေလဲ ဆိုတာ ထုတ်မပြောလို့ လေ့လာခွင့်မရတဲ့ အတွက် တရားခံ ရှေ့နေတွေမှာ နစ်နာတယ်လို့ ပြောပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ၂ ဦးကို ရဲက ဖမ်းဆီးထားတာဖြစ် ပါတယ်။ ရဲမှာတော့ ဒီအန်အေ စစ်ချက်နဲ့ ဓါတ်ပုံသက်သေတွေရှိတယ်လို့ ထုတ်ဖေါ်ပြောကြားထားပါတယ်။

မြန်မာအလုပ်သမားတွေ အတွက် ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေ အယောက် ၂၀ အဖွဲ့က အကျိုးဆောင်ပေးမှာဖြစ်ပြီး မြန်မာသံရုံးကလည်း အထူးအဖွဲ့ဖွဲ့ပြီး ကူညီဆောင်ရွက်နေပါတယ်။

မြန်မာ အလုပ်သမား နှစ်ယောက်ကို ရုံးတင် စစ်ဆေးဖို့ ထိုင်းတရားရုံး လက်ခံလိုက်ပြီး လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ သက်သေတွေကိုစတင် ကြားနာ စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ