၆ပွင့်ဆိုင်မှာ ပြည်နယ်၇ခု ကိုယ်စားပြုတဦးစီ ထည့်ဖို့ အဆိုတင်

  • 9 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အဖွဲ့အစည်း ၅ဖွဲ့က ကိုယ်စားလှယ် ၁၂ဦး တွေ့ဆုံ ဆွေးနွေးခဲ့ကြစဉ်

ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံရေးမှာ ပြည်နယ် ၇ခုကို ကိုယ်စားပြုသူ တစ်ဦးစီ ပါဝင်ဆွေးနွေးရေး အဆိုကို ရန်ကုန်တိုင်း လွှတ်တော်က လက်ခံလိုက်ပါတယ်။

ပြည်နယ် ၇ ခုကို ကိုယ်စားပြုသူ တစ်ဦးဆီ ပါဝင်ဖို့အတွက် လိုအပ်ကြောင်း အရေးကြီး အဆိုကို ကရင် တိုင်းရင်းသား ဝန်ကြီး ဦးစောထွန်းအောင်မြင့်က တင်သွင်းခဲ့တာပါ။

မြန်မာ့ နိုင်ငံရေး ဆွေးနွေးဖို့အတွက် သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် အရွေးခံထားရသူ ဒေါက်တာအေးမောင် တို့ ၆ ဦးတွေ့ဆုံဖို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပါတယ်။

ဒီအဆိုနဲ့ ပတ်သက်လို့ မနက်ဖြန် ဒီဇင်ဘာလ ၁၀ရက်နေ့ကျရင် ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးပြီး ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း လွှတ်တော် မင်္ဂလာ ခန်းမမှာ နိုင်ငံရေး ပါတီတွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံခဲ့စဉ်တုန်းက တိုင်းရင်းသား ပါတီ အများစုက ၆ပွင့်ဆိုင် ဆွေးနွေးပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ လူမျိုးစုအလိုက် ပါရေးကို တော်တော်များများ ပြောသွားပြီး အဲဒီတုန်းက သဘောထားနဲ့ ဒီ အဆို တထပ်ထဲပဲလို့ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးကျော်က ဘီဘီစီကို ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ၆ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကို သမ္မတ ဦးသိန်းစိန် အစိုးရက သိပ်သဘောမတွေ့ဘူး ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။

တခြားတိုင်းနဲ့ ပြည်နယ်တွေက အဆိုတွေ ထပ်တင်လာပြီး ကွဲလွဲမှု ရှိရင်တော့ နိုင်ငံရေး ဆွေးနွေးပွဲက အချိန်ကြာမြင့်မယ့် အနေအထား ရှိနိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။