ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ဆွေးနွေးမှု KIA မတက်

  • 9 ဒီဇင်ဘာ 2014
People hold memorial ceremony for late cadets  Army ဓာတ်ပုံ မူပိုင် epa
Image caption သေဆုံးသူ ကေအိုင်အေ ဗိုလ်လောင်းတွေ အတွက် ဝမ်းနည်းခြင်း အထိမ်း အမှတ်ပြုသူများ

ကချင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုနဲ့ စစ်ရှိန်လျှော့ချရ နိုင်ရေး ရည်ရွယ်ပြီး နှစ်ဖက် ဖွဲ့စည်း ထားတဲ့ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ရဲ့ တွေ့ဆုံမှုတွေကို ကေအိုင်အေ ဘက်က တက်ရောက်တော့မှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောပါတယ်။

အစိုးရ တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကေအိုင်အေ ဗိုလ်လောင်းတွေ သေဆုံးခဲ့ရတဲ့ ကိစ္စ ဖြစ်ပြီးတဲ့နောက် ဗဟို အဆင့် ဆွေးနွေး ဆုံးဖြတ်ပြီးမှသာ ကျန်တဲ့ ကိစ္စတွေကို ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့က ဆက်ဆွေးနွေးသွားဖို့ ကေအိုင်ဘက်က လိုလား တယ်လို့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကေအိုင်အေ ဘက်က ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒေါင်ခါးက ဘီဘီစီကို ပြောပါတယ်။

ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ ဆွေးနွေးမှုတွေကို လစဉ် ပြုလုပ်ဖို့ သဘောတူခဲ့ကြပြီး စတင် ဖွဲ့စည်းပြီးချိန်ကနေ အခုချိန်ထိ ၈ ကြိမ် ဆွေးနွေးခဲ့ပြီး ဖြစ်ရာမှာ ထင်သလောက် အောင်မြင်မှု မရခဲ့ဘူးလို့ လည်း သူက ပြောပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က တပ်မတော် ဘက်က ပစ်ခတ်တာဟာ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တာလို့ ကေအိုင်အေ ဘက်က စွပ်စွဲပါတယ်။

အဲဒီ နေ့ နောက်ပိုင်းမှာလည်း လေးငါးရက် အစိုးရ တပ်တွေ ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေ ရှိတယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။

အခုလက်ရှိ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေ ထိခိုက်နေတာဟာ အစိုးရ စစ်တပ် ဘက်က ကြောင့် အဓိက ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

နှစ်ဘက် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှာ ကေအိုင်အို ဘက်က ဗိုလ်မှူး ကြီး ဇော်တောင်က ခေါင်းဆောင် အဖြစ်ပါဝင်ပြီး အစိုးရ ဘက်က ပြည်နယ် အဆင့် နယ်စပ်နဲ့ လုံခြုံရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က ခေါင်းဆောင် အဖြစ် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ