ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံများ စာရင်းက မြန်မာ ဘယ်တော့ လွတ်မလဲ

  • 10 ဒီဇင်ဘာ 2014
Slam housing in Rangoon
Image caption နေစရာမရှိအောင် ဆင်းရဲသူတွေ အမြောက်အမြား ရှိနေဆဲ

ကမ္ဘာမှာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံများ စာရင်း LDC ကနေ လွတ်မြောက်ရေး အတွက် မြန်မာအစိုးရက ကုလ သမဂ္ဂနဲ့ ပူးပေါင်း ကြိုးစားနေကြောင်း ကုလ သမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂက တိုင်းတာတဲ့ သတ်မှတ် စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ သုံးနှစ် တစ်ခါ ပြန်လည် သုံးသပ်ပြီး နှစ်ကြိမ် ဆက်တိုက် ကိုက်ညီမှသာ LDC ကနေ လွတ်မြောက် နိုင်မှာ ဖြစ်ပါတယ်။

တစ်ဦးချင်း ဝင်ငွေ ပမာဏ၊ လူသားရင်းမြစ် စွမ်းရည် ဖွံ့ဖြိုးမှု၊ စီးပွားရေး အခြေခံ ထိခိုက်လွယ်မှု စတာတွေ ပါတဲ့ ညွှန်းကိန်းတွေ အပေါ် ဆန်းစစ်ပြီး LDC စာရင်းဝင်နိုင်ငံ အဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။

ဒီဆန်းစစ်မှုကို နိုင်ငံပေါင်းစုံ ပါဝင်တဲ့ ကမ္ဘာ့ကုလ သမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့ ပညာရှင်တွေက ဆုံးဖြတ်ပြီး ထောက်ခံ ပေးမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ၊ ကုန်းတွင်းပိတ်နှင့် ကျွန်းငယ်ဖွံ့ဖြိုးဆဲ နိုင်ငံများဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်ရုံး ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဒရာအာချာရာက ပြောပါတယ်။

၂၀၁၂ ခုနှစ်တုန်းက LDC ဆန်းစစ်မှုမှာတော့ မြန်မာ နိုင်ငံ မပြည့်မီခဲ့ပါဘူး။

ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံများ စာရင်းမှာ ၂၇ နှစ် လောက် ရှိနေခဲ့တဲ့ မြန်မာ နိုင်ငံဟာ အခုတော့ တစ်ဦးချင်း ဝင်ငွေ ပမာဏ၊ လူသားရင်းမြစ် စွမ်းရည် ဖွံ့ဖြိုးမှုတို့ တိုးတက်လာတဲ့ အတွက် LDC အဆင့် အနိမ့်ဆုံး သတ်မှတ်ချက်ထက် ကျော်လွန် သွားနိုင်မယ့် အနေအထား ရှိနိုင်ပြီ ဖြစ်လို့ လာမယ့် ၂၀၁၅ ခုနှစ်မှာ ပြန်လည် ဆန်းစစ်ရင်တော့ အောင်မြင် နိုင်တယ်လို့ မြန်မာ စီးပွားရေး ပညာရှင်တွေက ခန့်မှန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ