ရုပ်​ရှင် ဗီ​ဒီ​ယို ဆင်​ဆာ ပြန်​ပြီး တင်း​ကြပ်တော့မယ်

  • 10 ဒီဇင်ဘာ 2014
burma_film_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဆင်ဆာဖြတ်ပြီး ပိတ်တာထက် ဘယ် အသက်ရွယ် အောက် မကြည့်သင့် ဆိုပြီး အဆင့် သတ်မှတ်တာမျိုး ဖြစ်သင့်ကြောင်း သုံးသပ်ပြောဆို နေကြပါတယ်။

မြန်မာ ရုပ်ရှင် ဗီဒီယိုတွေ ကို ရုပ်ရှင် အကဲဖြတ် အဖွဲ့လို့ ခေါ်တဲ့ ဆင်ဆာဘုဒ် အဖွဲ့က စိစစ် ဖြတ်တောက် တာတွေ ပြန်လည် တင်းကြပ် တော့မယ် ဆိုပြီး သက်ဆိုင်ရာ အာဏာပိုင် တွေက ရုပ်ရှင် လောကသား တွေကို ခေါ်ယူ ပြောဆို ခဲ့ပါတယ်။

လိင်လှုံ့ဆော်မှု ပြုတဲ့ ပြကွက် တွေလိုမျိုးနဲ့ စကားလုံး အပြောအဆို ကြမ်းတမ်းတာမျိုး တွေလို ယဉ်ကျေးမှု နဲ့ မကိုက်ညီတာတွေ၊ ဘာသာရေးနဲ့ ညိစွန်းတဲ့ ပြကွက်မျိုး တွေကို ခွင့်ပြုမှာ မဟုတ်ဘူး လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်း ရုပ်ရှင် လောကသား တွေရဲ့ တောင်းဆို မှုကြောင့် ရုပ်ရှင်ဆင်ဆာ လုပ်တာကို အာဏာပိုင်တွေက လျော့ချ ပေးခဲ့ပေမယ့် ဆင်ဆာဘုဒ်ကတော့ တလျှောက်လုံးပဲ ရှိနေ ခဲ့တာပါ။

အဲဒီ့လို ဖြေလျော့ ပေးထားခဲ့တဲ့ ကာလတွေမှာ၊ ဆင်ဆာဘုဒ် အနေနဲ့ မသင့်တော်ဘူး ဆိုပြီး ယူဆတဲ့ ပြကွက်မျိုးတွေ အပေါ် ထောက်ပြမှုမျိုးသာ လုပ်ခဲ့ ရာကနေ အခုတော့ လုံးဝ ဖြတ်တောက်တာမျိုး၊ ဇာတ်ကားပြခွင့် မပေး တော့မှာမျိုး ပြန်လည် တင်းကြပ်လာမယ့် အနေအထား ဖြစ်တယ် ဆိုပြီး ရုပ်ရှင် အစည်းအရုံး ရဲ့ ဥက္ကဌဟောင်း မင်းသား ဇင်ဝိုင်းက သုံးသပ်ပါတယ်။

အာဏာပိုင် တွေက ဆင်ဆာ ဖြတ်တောက်တာမျိုး နဲ့ စာရင်၊ နိုင်ငံတကာ မှာလို ဇာတ်ကား တစ်ကားချင်းစီ အပေါ် ဘယ် အသက်ရွယ် အောက် မကြည့်သင့် ဆိုပြီး အဆင့်ခွဲခြား သတ်မှတ် ပေးတဲ့ ပုံစံမျိုး ဖြစ်အောင် လုပ်ဆောင် သင့်ပြီး၊ ရုပ်ရှင် ဖန်တီးသူတွေ အနေနဲ့လည်း ယဉ်ကျေးမှုနဲ့ ဘာသာရေး အဆိပ်အတောက် မျိုး မဖြစ်အောင် တာဝန်ယူ ဖန်တီး သင့်တယ်လို့ ဦးဇင်ဝိုင်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ