ဗုဒ္ဓဘား ဖွင့်မှု ဖမ်းဆီး အရေးယူ

  • 11 ဒီဇင်ဘာ 2014
buddha_bar
Image caption နယူးဇီလန် နိုင်ငံ သား ကိုပါ ဖမ်းဆီးခဲ့

ဗုဒ္ဓ ရုပ်ပွားတော်ပုံ မှာ VGastro.bar, Buddha bar လို့ ရေးပြီး Ear Phone ကို ရုပ်ပွားတော် နားတော် မှာ တပ်တဲ့ ဒီဇိုင်း ဆွဲလို့ ဗဟန်း ရွှေတောင်ကြား လမ်းက VGastro Bar ဆိုင် ကို အရေးယူ ခဲ့ပါတယ်။

ရွှေတောင်ကြား လမ်း က ချမ်းသာ သူတွေ အများဆုံး လာလေ့ ရှိတဲ့ V Gastro Bar ဆိုင်မှာ ဒီဇင်ဘာလ (၁၄)ရက်နေ့ ပွဲ အတွက် ဗုဒ္ဓ ရုပ်ပွားတော်ပုံ နဲ့ ကြော်ငြာ တာဟာ လူမှု ဆက်သွယ်ရေး ကွန်ယက် စာမျက်နှာတွေ မှာ ပျံ့နှံ့ ခဲ့ပါတယ်။

ဒီအတွက် ဗုဒ္ဓဟူး နေ့ ညပိုင်း မှာ ဘားဆိုင် တာဝန်ရှိသူ တွေကို ရဲက ဖမ်းဆီး ပြီး ဆိုင်ကိုလည်း ယာယီ ပိတ်ထား ခဲ့ပါတယ်။

ကြာသပတေး နေ့ ၁၂ နာရီ က ဗဟန်း တရား ရုံး မှာ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင် နဲ့ နယူးဇီလန် နိုင်ငံ သား အထွေထွေ မန်နေဂျာ Philip Blackwood တို့ကို ရုံးထုတ် စစ်ဆေး ပါတယ်။

ရုံးထုတ် တာကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) က သံဃာတွေ အပြင် လူ (၅ဝ) လောက် လာကြည့်ခဲ့ပြီး စစ်ဆေး မြန်မြန်ဆန်ဆန် စစ်ဆေး ခဲ့ပါတယ်။

ဗဟန်း မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီး ဌာနက တရားလို လုပ်ပြီး တရားရုံးတင် စစ်ဆေးတာ ဖြစ်ပါတယ်။

Image caption Ear Phone ကို ရုပ်ပွားတော် နားမှာ တပ်ဆင်

သူတို့(၃) ဦးကို သာသနာ အကြည်ညို ပျက်အောင် လုပ်မှု၊ သာသနာ ညှိုးနွမ်းစေမှု တွေနဲ့ ရုံးထုတ် စစ်ဆေး ပြီး အမှုအတွက် အာမခံ မပေးဘဲ အင်းစိန် ထောင် ပို့ထားတယ်လို့ ဗဟန်း မြို့နယ် ရဲစခန်းမှူး က ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလ (၁၈)ရက် မှာ ဒီအမှုကို ဆက်လက် စစ်ဆေးမယ် လို့ သိရပါတယ်။

သူတို့ကို အခု စွဲဆိုထားတဲ့ ဘာသာ သာသနာကို ညှိုးနွမ်းအောင် လုပ်တဲ့အမှု ဟာ အများဆုံး ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် (၂)နှစ် အထိ ချမှတ် ခံရနိုင်ပါတယ်။

ဘားဆိုင် ဖျော်ဖြေရေးအတွက် ဗုဒ္ဓပုံတော်ကို စီးပွားရေး ကြေငြာ အဖြစ် အသုံးပြုတဲ့ ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာ တွေ ကို တရားစွဲတာကတော့ ပထမဆုံးအကြိမ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ