မလေးရှား လူသတ်မှု တွေ ရဲက လိုက်ဖမ်းနေ

  • 11 ဒီဇင်ဘာ 2014
myanmar migrant ဓာတ်ပုံ မူပိုင် AFP
Image caption ရွှေ့ပြောင်း မြန်မာ လုပ်သား တယောက်

မလေးရှားမှာ မြန်မာ နိုင်ငံသား တွေ အသတ် ခံရတာနဲ့ ပတ်သက်ပြီး လူသတ်သမားတွေလို့ ယူဆရသူတွေကို မလေးရှား ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေပါတယ်။

မလေးရှားက လာတဲ့ သတင်းတွေ အရ ဖမ်းဆီးထားသူ အယောက် ၂ဝ လောက် ရှိပြီလို့ ဆိုပါတယ်။

လူသတ်မှုတွေကို ဂိုဏ်းဖွဲ့ပြီး လုပ်ဆောင် နေတာမျိုး ရှိတယ်လို့ မလေးရှားရဲ က ထုတ်ဖော် ပြောဆို သလို မြန်မာသံရုံး ကလည်း အလားတူ ပြောပါတယ်။

အခု အဖမ်းခံရသူတွေ အများစုက အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ကြပါတယ်။

ဒီလူတွေကို မြန်မာ နိုင်ငံသားတွေလို့ ပြောနေတဲ့အပေါ် မြန်မာသံရုံးက သွားရောက် စစ်ဆေးလိုကြောင်း မလေးရှား ရဲချုပ်ရုံးကို စာပေးပို့ ထားတယ်လို့ သံရုံး အရာရှိ တစ်ဦးက ပြောပါတယ်။

လူသတ်မှုတွေဟာ မြန်မာနိုင်ငံ အတွင်းက ဘာသာရေး အခင်း ဖြစ်ပွားမှုတွေကြောင့်လို့ ပြောဆိုသံတွေ ရှိပေမယ့်လည်း ဘာသာရေးကြောင့် မဟုတ်ဘဲ မူးယစ်ဆေးဝါးနဲ့ တခြား လူမှုရေး ပြဿနာတွေကြောင့် ဖြစ်တယ်လို့ မြန်မာသံရုံးကရော လူမှုရေး အကူအညီ ပေးနေသူတွေကပါ ပြောကြပါတယ်။

လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေက ပီနန်မြို့မှာ အများဆုံး ဖြစ်ပါတယ်။

ဒီလူသတ်မှုတွေဟာ မူးယစ် ရမ်းကားတာ၊ ပစ္စည်းလုတာ စတဲ့ မှုခင်းတွေနဲ့ ဆက်စပ် ဖြစ်ပွားတာ များတယ်လို့ ပီနန်က လူမှုရေး အကူအညီ လုပ်နေသူ တစ်ယောက်က ရှင်းပြပါတယ် ။

မြန်မာသံရုံး အနေနဲ့ မလေးရှား ရဲချုပ်ရုံးနဲ့ အမြဲ အဆက်အသွယ် လုပ်နေပြီး အမှု တစ်ခုချင်းရဲ့ အစီရင်ခံစာ တွေလည်း ရရှိနေကာ အနီးကပ် ပူးပေါင်း ရွက်မှုတွေ ရှိတယ်လို့ သံရုံး အဆင့်မြင့် အရာရှိ တစ်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ