ကလေး လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့

  • 12 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption စားဝတ်နေရေး မဖူလုံမှုကြောင့် မိဘတွေ ကိုယ်တိုင်က ကလေးငယ်တွေကို အလုပ်ခွင်ပို့

ကလေးသူငယ် လူကုန်ကူး ခံနေရမှုဟာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသမှာ အဆိုးဝါးဆုံး ဖြစ်နေတယ်လို့ ကလေးသူငယ်များ လူကုန်ကူးခံရမှု ဆန့်ကျင် တိုက်ဖျက်ရေးနေ့ ဖြစ်တဲ့ ဒီဇင်ဘာလ ၁၂ရက်နေ့ ဒီကနေ့မှာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ဒီနှစ် ဆောင်ပုဒ် ဖြစ်တဲ့ "ကလေးသူငယ် လူကုန်ကူးမှု ရပ်တန့်ရေး၊ ကလေး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပေး" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်း ထားပါတယ်။

စားဝတ်နေရေး မဖူလုံမှု၊ စစ်ပွဲနဲ့ သဘာဝ ဘေးဒဏ်တွေ ဖြစ်ပွားမှု၊ အသိပညာ နည်းပါးမှုတွေကို အခွင့်ကောင်း ယူပြီး မသမာသူတွေက ကလေးတွေကို နည်းမျိုးစုံနဲ့ လိမ်လည် လှည့်ဖျား လူကုန်ကူးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ ဂိုဏ်းဖွဲ့ပြီး ကလေးငယ်တွေကို လူကုန်ကူးတာမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရပေမယ့် နယ်စပ် ဖြတ်ကျော် လူကုန်ကူးမှုတွေထဲမှာ အသက် ၁၈နှစ်အောက်၊ အသက် ၁၆နှစ်အောက် စတဲ့ အသက်မပြည့်သူတွေလည်း ပါလာတတ်တယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူး ဒေါ်အေးအေးမြင့်က ဘီဘီစီကို ပြောပါတယ်။

ပြည်တွင်းမှာတော့ မိဘ အုပ်ထိန်းသူတွေ ကိုယ်တိုင်က ကလေးငယ်တွေကို အိမ်ဖေါ်တွေ အဖြစ် အလုပ် လုပ်ခိုင်းတာမျိုးတွေ ရှိနေပြီး လိင်မှု လုပ်ငန်းတွေ မဟုတ်တဲ့အတွက် ကလေးသူငယ် ဆိုင်ရာ ဥပဒေတွေအရ အရေးယူတာမျိုး မလုပ်နိုင်သေးဘူး လို့ ဆိုပါတယ်။

လောလောဆယ် ကလေးသူငယ်တွေ အလုပ်လုပ်နိုင်တဲ့ အသက်အကန့်အသတ်နဲ့ ပတ်သက်လို့ ဥပဒေတွေ ပြင်ဆင် ထုတ်ပြန် နိုင်အောင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်နေသလို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အနေနဲ့လည်း တပ်ဖွဲ့ စု၊စိတ် အလိုက် မိသားစုတွေကို အသိပညာ ပေးမှုတွေ လုပ်နေတယ်လို့ ရဲမှူး ဒေါ်အေးအေးမြင့်က ပြောပါတယ်။

ကလေးသူငယ် လူကုန်ကူးခံရမှု တားဆီးရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ရန်ကုန်အခြေစိုက် United ACT အဖွဲ့ကလည်း ကလေးသူငယ်တွေ အသုံးချ ခံနေရတာ၊ လူကုန်ကူးခံနေရတာတွေကို တားဆီးနိုင်ရေးမှာ ထိထိရောက်ရောက် ပညာပေးမှုတွေ လုပ်နိုင်ရေးက သိပ်ကို အရေးပါတယ်လို့ ပြောပါတယ်။