လက်ပံတောင်း ဒေသခံတွေနဲ့ ရဲ ထိပ်တိုက်တွေ့

  • 13 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေးအတွက် မတ်လတုန်းက ဒေသခံတွေ ဆန္ဒပြခဲ့ကြစဉ်

လက်ပံတောင်းဒေသမှာ ကြေးနီ စီမံကိန်းကို ဆန့်ကျင်တဲ့ ဒေသခံတွေနဲ့ ရဲတွေ အကြား ဒီဇင်ဘာလ ၁၃ရက် မနက်က ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး ရဲတွေဘက်က သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် လူ နှစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဝမ်ပေါင် ကုမ္ပဏီက ပေးတဲ့ လယ်ယာမြေ လျော်ကြေး မယူတဲ့ ဆည်တည်းရွာ၊ မိုးကြိုးပြင်ရွာတွေက ဒေသခံတွေက စီမံကိန်း ခြံစည်းရိုး ခတ်ရာနေရာဆီ သွားရောက် တားဆီးရာကနေ ရဲနဲ့ အခုလို ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာပါ။

ဒေသခံ နှစ်ဦး သေနတ် ထိမှန်ခဲ့သလို တခြား အတော်များများ လည်း ဒဏ်ရာ ရခဲ့ကြတယ်လို့ ဒေသခံ တဦးက ဘီဘီစီကို ပြောပြပါတယ်။

ညဘက် ရောက်လာတဲ့အခါမှာတော့ ဒေသခံတွေ ခြံစည်းရိုးတွေ ဆက်မခတ်ဖို့၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ စတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး လူစုခွဲခဲ့ကြပါတယ်။

ထိပ်တိုက် ရင်ဆိုင်မှုအတွင်း အဖမ်းအဆီး တစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။