ဆွေးနွေးပွဲတွေ လမ်းလွှဲတာ ဒေါ်စု လက်မခံ

  • 13 ဒီဇင်ဘာ 2014
Daw Aung San Suu Kyi at CEC meeting ဓာတ်ပုံ မူပိုင် AFP
Image caption NLD ချမှတ်ထားတဲ့ မူတွေ အတိုင်း ဆက်လုပ် သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော

အန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က လေးပွင့်ဆိုင်နဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွေ လမ်းလွဲအောင် လုပ်သူတွေကို ဝေဖန်လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၁၃ ရက်က စတင်တဲ့ ပြည်နယ်နဲ့တိုင်း အသီးသီးက ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၀၀ ကျော် တက်ရောက်တဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေးမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့နဲ့ ပတ်သက်လို့ အန်အယ်လ်ဒီက အရင်ကတည်းက ချမှတ်ထားတဲ့ မူတွေ အတိုင်း ဆက်လုပ် သွားမယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ တိုင်းနဲ့ ပြည်နယ် တွေက အလုပ်အမှုဆောင်တွေ၊ လုပ်ငန်းကော်မတီတွေ ဝင်တွေကနေ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ လုပ်ငန်း အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ ဆွေးနွေး ကြပါတယ်။

ပါတီ အောက်ခြေမှာ ဖြစ်နေတာတွေကို ဗဟိုက သိအောင် အခု အစည်းအဝေးမှာ တင်ပြပြီး အပြန်အလှန် ဖလှယ်ကြမယ်လို့ ရခိုင်ပြည်နယ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းမောင်က ပြောပါတယ်။

အခု အစည်းအဝေးမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြဖို့ ရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်မရောက် အဆုံးအဖြတ် ပေးမှာ ဖြစ်လို့ အရေးကြီးကြောင်းနဲ့ စစ်မှန်တဲ့ ပြည်ထောင်စု စနစ် ထူထောင်ရေး အတွက် အဖြေပေးတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ