ဘူးသီးတောင်မှာ လက်နက် ခိုးတဲ့ စစ်သားကို ဖမ်းဆီးမိ

  • 14 ဒီဇင်ဘာ 2014
Image caption ပစ္စတို ၂လက် အပါအဝင် လက်နက်ခဲယမ်းတွေ စစ်တပ် လက်နက်တိုက်ကနေ ဖောက်ထွင်းခံခဲ့ရ

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် အခြေစိုက် ခမရ ၅၆၄ရဲ့ လက်နက်တိုက်ကို ဖေါက်ပြီး လက်နက်ငယ် တချို့နဲ့ ခဲယမ်း မီးကျောက်တွေ ယူဆောင်သွားတဲ့ တပ်သား တစ်ဦး၊ လက်နက်တွေ လက်ခံထားတဲ့ ကျေးရွာသား နှစ်ဦးတို့ကို သက်ဆိုင်ရာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ ညက ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ ၅၆၄ တပ်ရင်းရဲ့ လက်နက်တိုက် ဖေါက်ထွင်းခံရပြီး ပစ္စတို ၂ လက်၊ ကျည် ဆံ ၉၈၀ ၊ ကျည်အိမ် ၄ ခု၊ လှံစွပ် ၂ခု ဖောက်ထွင်း ခိုးယူခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ ဖောက်ထွင်းခိုးယူမှုနဲ့ ပတ်သက်လို့ တောင်ဘဇား ရဲစခန်း ဒုရဲအုပ် အောင်စိုးနဲ့ ခမရ ၅၆၄ က တပ်ရေး ဗိုလ်ကြီး အောင်ကိုအေးတို့ လိုက်လံ စုံစမ်းရာမှာ အခင်း ဖြစ်ပြီး သုံးရက်အကြာမှာ စကခ ၁၅ က တပ်သား အောင်မိုးထံကနေ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆံ ၁၃၆တောင့်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ကျန်တဲ့ ပစ္စတို တစ်လက်နဲ့ ကျည်ဆံတွေကိုတော့ အရပ်သား နှစ်ဦးဖြစ်တဲ့ ဘူးသီးတောင်မြို့နယ် အုတ်တောင် ကျေးရွာနေ မောင်စံအေး ၂၆ နှစ် နဲ့ မောင်ထွန်းကျော် ၃၃ နှစ် တို့ထံကနေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

အခုအခါ ဖမ်းဆီးခံထားရတဲ့ စစ်သား မောင်မိုးကို တပ်ရင်းက စစ်ဆေးနေသလို အရပ်သား နှစ်ဦးကိုတော့ ဘူးသီးတောင် ထောင်ထဲမှာ ချုပ်နှောင်ထားပြီး ရမန်ယူ စစ်ဆေးနေပါတယ်။

ဘူးသီးတောင်မြို့ဟာ မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ တည်ရှိပြီး လုံခြုံရေး တင်းကျပ် ထားတဲ့ကြားက အခုလို ဖြစ်ပျက်ခဲ့တဲ့ အတွက် ဒေသခံတွေ အကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။