NLD ဗဟိုကော်မတီ အစည်းအဝေး ပြီးစီး

  • 14 ဒီဇင်ဘာ 2014
Image caption အခြေခံ ဥပဒေ ပြင်သည် ဖြစ်စေ မပြင်သည် ဖြစ်စေ ပါတီ တခု အနေနဲ့ ရွေးကောက်ပွဲ ဝင်ရ မယ်လို့ ဦးဉာဏ်ဝင်း ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟို ကော်မတီ အစည်း အဝေး ကနေ (၂၀၁၅) ကို စည်းရုံးရေး နှစ်အဖြစ် သတ်မှတ် လိုက်ပြီး၊ အဖွဲ့ချုပ်ရဲ့ စစ်မှန် တွေ့ဆုံ ဆွေးနွေး ရေးနဲ့ အမျိုးသား ရင်ကြား စေ့ရေး မူကို ထောက်ခံ ကြောင်း သဘော တူခဲ့ ကြပါတယ်။

၂ ရက်ကြာ ကျင်းပ ပြီးစီး သွားတဲ့ ပထမ အကြိမ် ဗဟို ကော်မတီ စတုတ္ထ အစည်း အဝေး အပြီး ကြေညာချက် ထုတ်ပြန် ခဲ့တာပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက် ပွဲနဲ့ ပတ်သက် ပြီးတော့ အများ မျှော်လင့် သလို အသေးစိတ် ထုတ်ပြော တာမျိုး မရှိခဲ့ပါဘူး။

ဒါပေမယ့် ဒီဗဟို ကော်မတီ အစည်း အဝေးမှာ သဘောတူ လိုက်တာက ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ ကော်မရှင်က တရားဝင် ထုတ်ပြန် ပြီးမှပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်းကို ထုတ်ပြန် မယ်လို့ ဆိုပါတယ်။

NLD ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်း ကတော့ အခြေခံ ဥပဒေ ပြင်သည် ဖြစ်စေ မပြင်သည် ဖြစ်စေ ပါတီ တခု အနေနဲ့ ကတော့ ရွေးကောက်ပွဲ ဝင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံရေး လေ့လာ သုံးသပ်တဲ့ ဆောင်းပါးတွေ ရေးသား နေသူ ဒေါက်တာ ရန်မျိုးသိမ်း ကတော့ NLD ပါတီ အနေနဲ့ (၂၀၁၅) ကျရင် ဖြစ်ပေါ် လာမယ့် နိုင်ငံရေး အခြေ အနေ တွေကို စောင့်ကြည့် နေပုံ ရတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကိုတော့ ကော်မရှင်က လာမယ့် (၂၀၁၅) နိုဝင်ဘာလ နောက်ဆုံး ထားပြီး ကျင်းပ ပေးမယ်လို့ ပြောထား တာမျိုး ရှိပါတယ်။ ရန်ကုန် မြို့မှာ ကျင်းပ တဲ့ ဒီဗဟို အစည်း အဝေးမှာ ရွေးကောက်ပွဲ ကိစ္စ အပြင်၊ ပါတီ အနေနဲ့(၆)လတာ ကာလ အတွင်း NLD ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ နဲ့ ကော်မတီ ရဲ့ လှုပ်ရှား ဆောင်ရွက် မှုတွေနဲ့ ပတ်သက်တဲ့ အစီရင် ခံစာတွေကို အတည် ပြုခဲ့ ပါတယ်။

ဒါပေမယ့် လောလောဆယ်မှာ ပုဒ်မ(၄၃၆)ပြင်ရေး နဲ့ အချိုးကျ ကိုယ်စားပြု စနစ် ပီအာ လို ကိစ္စရပ် တွေကို မပြင်ဆင် နိုင်သေးတဲ့ အတွက် ပါတီ အနေနဲ့ (၂၀၁၅) မှာ လုပ်မယ့် အရာတွေ ကို ချိန်ဆ နေပုံ ရတယ်လို့ နိုင်ငံရေး အကဲခတ်တွေ က သုံးသပ် နေကြပါတယ်။