ကြံ့ခိုင်ရေးပါတီ ပြည်နယ် ဗဟိုအလုပ်အမှုဆောင် အသတ်ခံရ

  • 15 ဒီဇင်ဘာ 2014
USDP Website ဓာတ်ပုံ မူပိုင် USDP Website
Image caption သတ်ဖြတ်ခံရသူက ပြည်နယ် အဆင့် ခေါင်းဆောင်ဖြစ်

သောကြာနေ့တုန်းက လူတစုက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ဗဟို အလုပ်အမှုဆောင် ဦးမျိုးမြင့်ရဲ့ အလောင်းကို တရုတ်ပြည်ဘက်ခြမ်း ရွှေလီမြို့နားမှာ ပြန်တွေ့ခဲ့ပါတယ်။

ဦးမျိုးမြင့်ဟာ အရင်က ရဲအရာရှိဟောင်း တဦးဖြစ်ပြီး လားရှိုးမြို့ပေါ်မှာတော့ ရန်ငြိုးရန်စ ရှိတယ်လို့ မကြားမိကြောင်း လားရှိုး မြို့ခံတွေက ပြောပါတယ်။

သံသယရှိသူ သုံးယောက်ကို တရုတ်ရဲတွေက မြန်မာ အာဏာပိုင်တွေဆီ လွှဲပြောင်း ပေးထားပြီး အခုအခါ စစ်ဆေး မေးမြန်းနေတယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်မနက်ပိုင်းက မင်္ဂလာဆောင်တခုက အပြန်မှာ ဦးမျိုးမြင့် မောင်းလာတဲ့ ကားကို နောက်က ကားကဝင်တိုက်ပြီး ဖမ်းခေါ်သွားတာ ဖြစ်တယ်၊ အလောင်းကိုတော့ ဒီဇင်ဘာ ၁၄ ရက်နေ့က တွေ့ခဲ့တာလို့လည်း အဲဒီလူက ပြောပါတယ်။

ကျားဖြူပါတီရဲ့ လားရှိုးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမိန်း ကတော့ ဦးမျိုးမြင့် သတ်ဖြတ်ခံရမှုဟာ စီးပွားရေးနဲ့ ပတ်သက်မှု ရှိနိုင်ပြီး တခြား အကြောင်းတွေကြောင့်တော့ မဖြစ်နိုင်ဘူးလို့ ထင်ကြောင်း လားရှိုး မြို့ခံတွေက ပြောဆိုနေတယ်လို့ ပြောပါတယ်။

လားရှိုး ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ဦးမျိုးမြင့်နဲ့ လုပ်ဖေါ် ကိုင်ဖက် တွေကတော့ လောလောဆယ် တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။