ရခိုင်ပြည်နယ်နေ့ ထူးထူးခြားခြား ကျင်းပ

  • 15 ဒီဇင်ဘာ 2014
Image caption အခုနှစ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားပွဲတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

ဒီဇင်ဘာလ ၁၅ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၄၀ မြောက် ရခိုင်ပြည်နယ်နေ့ကို စစ်တွေ၊ ရန်ကုန်နဲ့ ရခိုင်ပြည်နယ် နေရာ အနှံ့မှာ အထူး စည်စည်ကားကား ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ်နေ့မှာ နိုင်ငံတော် သမ္မတကြီးက သဝဏ်လွှာ ပေးပို့ခဲ့ရာမှာ ရခိုင်ပြည်နယ် အတွင်း လူမှုအသိုင်းအဝိုင်း နှစ်ခုအကြား ပဋိပက္ခ တွေ ရှိခဲ့ပေမဲ့ အခုအခါ တည်ငြိမ်လာပြီ ဖြစ်တဲ့ အတွက် အဲဒီ တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းပြီး ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ကို နိုင်ငံတော် အစိုးရ၊ ပြည်နယ် အစိုးရ တို့နဲ့ အတူ လက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ထားပါတယ်။

ရခိုင်ပြည်နယ်နေ့ကို ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူ အပါအဝင် မြို့အတော်များများမှာ ရိုးရာကျင်ပွဲတွေနဲ့ အထူး စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ် အတွင်းက စစ်တွေမြို့ အပါအဝင် မြို့တော်တော်များကို နိုင်ငံတော် မဟာ ဓါတ်အားလိုင်းက ၂၄ နာရီ လျှပ်စစ်မီး စတင် ပေးဝေတဲ့ ဖွင့်ပွဲကိုလည်း ရခိုင်ပြည်နယ်နေ့မှာပဲ ပြုလုပ်ခဲ့တဲ့ အတွက် ဒီနှစ် ရခိုင်ပြည်နယ်နေ့က အနှစ်သာရ တွေနဲ့ ထူးခြားမှု ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

ဒါပေမယ့်လည်း ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်ကတော့ ရခိုင်ပြည်နယ်နေ့ဟာ နှစ် ၄၀ ပြည့်ခဲ့ပြီ ဖြစ်ပေမယ့် ရခိုင် ပြည်နယ် ကတော့ ပြည်နယ် အဆင့်အတန်းနဲ့ မညီ သေးဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်နေ့ဟာ ၁၉၇၄ ခုနှစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ အတည်ပြုခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံနဲ့ အတူ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။