လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပို အရွေးခံဖို့ ကော်မရှင်တိုက်တွန်း

  • 16 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် burmese
Image caption ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ တနင်္လာနေ့က နိုင်ငံရေးပါတီတွေနဲ့ ရန်ကုန်မြို့က ပန်ဒါဟော်တယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေပွဲမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများက ကိုယ်စားလှယ်လောင်းအမည်စာရင်း တင် သွင်းတဲ့အခါ အမျိုးသမီးကိုယ်စားလှယ်လောင်တွေကို ပိုမိုထည့်သွင်းဖို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှုနည်းနေတဲ့အတွက် ပါတီတွေအနေနဲ့ များများ အမည်စာရင်းတင်သွင်းရင် များများ အရွေးခံရပြီး အမျိုးသမီးထုအနေနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ ပါဝင်နိုင်မယ်လို့ ဦးတင်အေးက ပြောပါတယ်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲ နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွေ မှာ ဝင်ပြိုင်တဲ့ အမျိုးသမီး ကိုယ်စားလှယ်တွေထက် အမျိုး သား ကိုယ်စားလှယ် အရေအတွက် ပိုများခဲ့တဲ့ အတွက် လွှတ်တော်အတွင်းမှာလည်း အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်နည်းပါးနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီး အခွင့်အရေး ဆုံးရှုံးမှုတွေ ရှိနေတယ်ဆိုပြီး ပြည်တွင်းပြည်ပ အမျိုးသမီးလူ့အခွင့်အ ရေး အဖွဲ့အစည်းများက ထောက်ပြထားတာရှိပါတယ်။

ဒီဆွေးနွေးပွဲအတွင်း အမျိုးသမီးတွေ ပိုမိုပါဝင် လာဖို့ တိုက်တွန်းခဲ့တာအပြင် နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလ မှာ လိုက်နာရ မဲ့စည်းကမ်းတွေ နဲ ပတ်သက်လို့လည်းဆွေးနွေးခဲ့ကြပါတယ်။

ဒီစည်းကမ်းတွေကို လာမယ့် ဇန်နဝါရီ လ အတွင်း ပါတီတွေဘက်က တင်ပြချက် တွေကို ကော်မရှင်ဘက်က ပူးပေါင်းမှုနဲ့ အချောသတ်ရေးဆွဲဖို့ ရှိနေပါတယ်။