Irrawaddy ဆိုတဲ့နာမည် ပြောင်းဖို့ အစိုးရဖိအားပေး

  • 16 ဒီဇင်ဘာ 2014
Irrawaddy Website ဓာတ်ပုံ မူပိုင် Irrawaddy Website
Image caption ပုဂ္ဂလိက ကုမ္ပဏီ ရဲ့ နာမည် ပြောင်းခိုင်တာ ဖိအားပေးတာလို့ ဧရာဝတီဆို

မြန်မာ နိုင်ငံ အတွင်း ဖြန့်ချိ နေတဲ့ The Irrawaddy အမှတ် တံဆိပ်ပါ အပတ်စဉ် ဂျာနယ်ကို နာမည်ပြောင်း ထုတ်ဝေဖို့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ တောင်းဆိုမှုကို ဧရာဝတီ သတင်းဌာနက တုံ့ပြန် လိုက်ပါတယ်။

ဧရာဝတီ ဆိုတဲ့ နာမည်ကို အင်္ဂလိပ်လို စာလုံးပေါင်းပုံ ပေါင်းနည်းနဲ့ ပတ်သက်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ တရားဝင် သတ်မှတ်ထား သလို ပြောင်းလဲ သုံးစွဲဖို့ ပြန်ကြားရေး ဝန်ကြီး ဌာနက တောင်းဆိုတာ ဖြစ်ပါတယ်။

တည်ဆဲ ဥပဒေ အရ ကိုယ့် ကုမ္ပဏီရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ကို နာမည်ပြောင်းခိုင်းခွင့် မရှိဘူးလို့ သူတို့ ရှေ့နေရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်က ပြောပါတယ်။

ပုဂ္ဂလိက သတင်း ဌာန တစ်ခုရဲ့ နာမည်ကို ပြောင်းခိုင်း တာဟာ ဝင်ရောက်စွက်ဖက်တာ၊ ဖိအားပေးတာလို့ ဧရာဝတီ ဘက်က ယူဆပါတယ်။

ပြည်တွင်းမှာ ရုံးခွဲဖွင့်ဖို့ အတွက် ၂၀၁၂ ခုနှစ်က ဧရာဝတီ သတင်းဌာန ပြန်လည် ဝင်ရောက်သွားခဲ့ ကတည်းကThe Irrawaddy ဆိုတဲ့ နာမည်ကို ကိုယ်ပိုင် အမှတ်တံဆိပ် အနေနဲ့ရော ကုမ္ပဏီ အနေနဲ့ပါ နဲ့ တရားဝင် မှတ်ပုံတင်ခွင့် လျှောက်ထား ရယူပြီး ဖြစ်တယ်လို့ ဦးအောင်ဇော်က ပြောပါတယ်။

ဒါ့အပြင် ပြန်ကြားရေး ဝန်ကြီးဌာနက ခွင့်ပြုတဲ့ ထုတ်ဝေခွင့် လိုင်စင်လည်း ရထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

သတင်းဌာန တည်ထောင်ခဲ့တဲ့ ၁၉၉၃ ခုနှစ် က စတင်ပြီး ပရိသတ်တွေ ရင်းနှီးလာတဲ့ နာမည် ကို မပြောင်းနိုင်ဘူးလို့ ဦးအောင်ဇော်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ