မိကျောင်းကန် သပိတ် အရှိန်မြှင့်

  • 17 ဒီဇင်ဘာ 2014
Michaungkan protest camp in 2013
Image caption ၂၀၁၃ က မိကျောင်းကန် မြေမှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြစဉ်

မဟာဗန္ဓုလ ပန်းခြံဘေးမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြ တဲ့ မိချောင်းကန် ဆန္ဒပြသူတွေဟာ သပိတ်အရှိန်မြှင့်တဲ့ အနေနဲ့ မြို့တော်ခန်းမရှေ့ အဝင်ပေါက်ကို ပိတ်ဆို့ ဆန္ဒပြနေကြတာ ဗုဒ္ဓဟူးနေ့မှာ ၅ ရက် မြောက်ပြီ ဖြစ်ပါတယ်။

ဒီဆန္ဒပြနေသူတွေကို ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်၊ သပိတ်စခန်းကိုလည်း ဖယ်ရှားသွားမယ်လို့ ကျောက်တံတား မြို့နယ် ရဲစခန်းမှူး ဦးတင်လှက ပြောပါတယ်။

မြို့တော်ခန်းမကို ပိတ်ဆို့ထားတဲ့ အတွက် မတရား တားဆီး ကန့်ကွက်မှု၊ ခွင့်ပြုချက် မရယူဘဲ ဆန္ဒပြမှု အတွက် ပုဒ်မ ၁၈ တို့နဲ့ အမှုဖွင့်ထားတာလို့ သူက ပြောပါတယ်။

အစိုးရဘက်က ဆန္ဒပြသူတွေကို အရေးယူမယ့် အနေအထား ရှိနေပေမဲ့ သပိတ်စခန်းက လူတွေကတော့ ဆန္ဒပြတာတွေကို နောက်ဆုတ်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တောင်းဆိုတာတွေ မရမချင်း ဆက်လက် တောင်းဆိုသွားမယ်လို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ကိုမောင်မောင်က ပြောဆိုပြီး မြေတွေကို အစိုးရက သိမ်းခဲ့တုန်းက ဥပဒေနဲ့ အညီသိမ်းခဲ့တာလားလို့လည်း ပြန်လည် မေးခွန်း ထုတ်လိုက်ပါတယ်။

သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက် ၃ ခုက မြေနေရာတွေကို တပ်ပိုင်မြေ အဖြစ် သိမ်းဆည်းတာ ခံရတဲ့ ဒေသခံတွေက မြေနေရာတွေ ပြန်ရဖို့ သို့မဟုတ် ကာလ ပေါက်ဈေးနဲ့ လျော်ကြေး ရဖို့ တောင်းဆိုနေကြတာပါ။

လယ်ယာမြေ အသိမ်းခံရတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ လည်း လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး လုပ်ဆောင်မှုတွေတော့ ရှိနေပါတယ်။

လွန်ခဲ့တဲ့ (၉)လလောက် ကတည်းက သပိတ်စခန်းဖွင့် တောင်းဆိုနေကြသူတွေက ဒီပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်း ပေးစေချင်နေကြပါတယ်။

မြေယာ အသိမ်းခံရလို့ ဆန္ဒပြသူတွေကို အာဏာပိုင်တွေ ဘက်က ဖမ်းဆီး အရေးယူနေပေမဲ့ ဆန္ဒဖော်ထုတ်မှုတွေကတော့ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ