သံတွဲပဋိပက္ခ လူသတ်မှု ကျူးလွန်သူ မွတ်ဆလင်တွေ ပြစ်ဒဏ် ချခံရ

  • 18 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption သံတွဲမြို့ ပဋိပက္ခအတွင်း အနည်းဆုံး လူ၅ဦး သေဆုံးခဲ့ပြီး အိမ်ပေါင်း ၁၀၀ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ပဋိပက္ခအတွင်း လူသတ်မှု ကျူးလွန်သူတွေလို့ စွပ်စွဲခံထားရတဲ့ မွတ်ဆလင် ၁၀ ဦးကို တစ်သက်တစ်ကျွန်း အပါအဝင် နှစ်ရှည် ထောင်ဒဏ် ချမှတ် လိုက်တယ်လို့ သိရပါတယ်။

အခု ထောင်ချ ခံရတဲ့သူ ၁၀ ဦးဟာ သံတွဲမြို့နယ် လင်းသီရွာကဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးကို သတ်ဖြတ်မှုနဲ့ သံတွဲခရိုင် တရားရုံးက နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့အထဲက သုံးဦးကိုတော့ ပြစ်မှုထင်ရှားတဲ့ အတွက် တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ သံတွဲခရိုင် မှုခင်းရဲတပ်ဖွဲ့ တာဝန်ရှိသူ အရာရှိ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

သူတို့ ၃ ဦးကို တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သလို ကျန်ခုနှစ်ဦးထဲက ၄ ဦးကိုတော့ ထောင် ၇ နှစ်၊ ကျန် နှစ်ဦးကိုတော့ သုံးနှစ်စီနဲ့ အမျိုးသမီး တစ်ဦးကိုတော့ တနှစ် ချမှတ်လိုက်ပါတယ်။

အဲဒီ အမျိုးသမီးကတော့ အချုပ်ရက် ပြည့်သွားပြီ ဖြစ်တဲ့ အတွက် ထောင်က လွတ်သွားပြီလို့ ဆိုပါတယ်။

ဒီအမူဟာ တောင်ကုတ်မြို့ ကနေ သံတွဲမြို့ကို ဆိုင်ကယ် နှစ်စီးအတူ ခရီးသွားတဲ့ လူ လေးဦးကို လင်းသီရွာသား မွတ်ဆလင်အုပ်စု တစ်ခုက ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာ တုတ်ဓါးတွေနဲ့ တိုက်ခိုက်ခဲ့အတွက် နှစ်ဦးသေဆုံးပြီး နှစ်ဦးကို ဆေးရုံတင်ခဲ့ရတဲ့ အမှုဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။

သူတို့ကို တရားရုံးက စီရင်ချက် ချပြီးတဲ့ နောက်မှာ စစ်တွေထောင်ကို ပို့ဆောင်မယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်က သံတွဲမြို့နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မှုအတွင်း အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ပြီး အိမ်ပေါင်း ၁၀ဝ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။