ဝါဝါဝင်း ကုမ္ပဏီပိုင်မြေ ကျူးကျော်တွေနဲ့ ကုမ္ပဏီလူတွေ ထိပ်တိုက်တွေ့

  • 17 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် others
Image caption ဝါဝါဝင်းကုမ္ပဏီပိုင် မြေကွက်လပ်မှာ အိုးအိမ်မဲ့ ကျူးကျော်သူတွေ ဝင်ရောက် နေထိုင်နေကြ

လှိုင်သာယာမြို့နယ် အနော်ရထာ စက်မှုဇုံရှိ ဝါဝါဝင်း ကုမ္ပဏီပိုင် မြေကွက်လပ်ထဲမှာ ကျူးကျော် ဝင်ရောက် နေထိုင်သူတွေကို ကုမ္ပဏီဘက်က လူတွေက ဝင်ရောက် ဖယ်ရှား ရှင်းလင်းရာမှာ လေးခွတွေ၊ ဂျင်ကလိတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရိုက်နှက်မှုတွေ ရှိခဲ့ပါတယ်။

ဝါဝါဝင်း ကုမ္ပဏီပိုင် မြေထဲကို အိုးအိမ်မဲ့ ကျူးကျော်သူတွေ ဝင်ရောက် နေထိုင်ကြတဲ့အတွက် ဒီဇင်ဘာလ ၁၅ရက်နေ့က ဝင်ရောက်ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။

တခါ ဒီဇင်ဘာလ ၁၆ရက်နေ့ ညနေပိုင်းမှာလည်း နောက်ထပ် တခါ ထပ်မံ ဝင်ရောက် ဖျက်ဆီးခဲ့ရာမှာ နှစ်ဘက် ထိပ်တိုက် တွေ့ဆုံပြီး ပဋိပက္ခ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနေရာမှာ အခုရက်ပိုင်းမှ လာရောက် ကျူးကျော် နေထိုင်သူတွေ ရှိကြသလို လွန်ခဲ့တဲ့ ၆ နှစ် ၇နှစ်ကတည်းက လာရောက် ကျူးကျော် နေထိုင်ကြ သူတွေလည်း ရှိကြပါတယ်။

တချို့ကလည်း အရင် ကျူးကျော်သူတွေထံမှာ ကျပ်ငွေငါးသောင်း ပေးဝယ်ပြီး လာရောက် နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

မူလက ကိုယ်ပိုင် ကျေးရွာ လယ်မြေတွေကို ဝါဝါဝင်းကုမ္ပဏီက သိမ်းတာ ခံရပြီး ကျူးကျော် ဖြစ်သွားသူတွေလည်း ရှိကြပါတယ်။

ကျူးကျော်သူတွေနဲ့ ထိပ်တိုက် ရင်မဆိုင်ချင်လို့ ကုမ္ပဏီက လူမိုက်တွေကို အခကြေးငွေ ပေးငှားရမ်းပြီး ဖျက်ဆီးတာလို့ ကျူးကျော်တဲ အဖျက်ခံရသူတွေဘက်က စွပ်စွဲပါတယ်။

ပဋိပက္ခ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးနောက် ကုမ္ပဏီဘက်ကလူတချို့ ပိတ်မိနေတဲ့အချိန်မှာတော့ ရဲက ဝင်ရောက်ဖြေရှင်းပြီး ကယ်ထုတ်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။