ပြည်တော်ပြန်တွေ အတွက် တိကျတဲ့ မူဝါဒ ချမှတ်ဖို့ တောင်းဆို

  • 18 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် aung myo min
Image caption ရှင်းလင်းတဲ့ မူဝါဒ မရှိတဲ့ အတွက် ပြန် ဝင်ရောက် လုပ်ကိုင် သူတွေ အတွက် အခက် အခဲ ဖြစ်

ပြည်ပက ပြန်ဝင် လာကြတဲ့ မြန်မာ့ အရေး တက်ကြွ လှုပ်ရှား သူတွေ ကနေ သူတို့ အတွက် ရှင်းလင်း တိကျတဲ့ မူဝါဒ ချမှတ် ပေးဖို့ မြန်မာ အစိုးရ ကို တောင်းဆို လိုက်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက် ရေး အသင်း AAPP ၊ ညီမျှခြင်း မြန်မာ နဲ့ မြန်မာ့ အရေး ပူးပေါင်း ဆောင်ရွက် သူများ အဖွဲ့ တို့က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စုပေါင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆို လိုက်တာပါ။

ပြည်ပက မြန်မာ့ အရေး တက်ကြွ လှုပ်ရှားသူ တချို့ကို ပြည်ဝင်ခွင့် ဗီဇာ ထုတ် မပေးတာနဲ့ တချို့ကိုတော့ ဗီဇာ ထုတ်ပေးဖို့ ကြန့်ကြာ နေတာ တွေတာ ကြောင့် ပြန်လည် ဝင်ရောက် လုပ်ကိုင် နေသူတွေ အတွက် အခက် အခဲ ဖြစ်နေ ရတယ် ဆိုပြီး၊ မြန်မာ့ အရေး ပူးပေါင်း ဆောင်ရွက် သူများ အဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ဘီဘီစီကို ပြောပါတယ်။

ဒါဟာ အစိုးရ အနေနဲ့ ရှင်းလင်းတဲ့ မူဝါဒ မရှိတဲ့ အတွက် အခုလို ဖြစ်နေရတာ လို့လည်း ဒေါ်ခင်ဥမ္မာက ဆိုပါတယ်။

ဒီလို အခက် အခဲတွေကို ၂၀၁၄ ကာလမှာ တွေ့လာ ရတာ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း အစိုးရနဲ့ ပူပေါင်း ဆောင်ရွက် နေသူတွေ ကျတော့ အခက် အခဲ မရှိ တာကို တွေ့နေရ တယ်လို့ သူက ပြောပါတယ်။

ဒီအတွက် အစိုးရ အနေနဲ့ မူဝါဒ တခု တိတိ ကျကျ ချမှတ်ပြီး၊ အများ ပြည်သူ သိအောင် ကြေညာ ပေးဖို့၊ နောက်ပြီး ဒါတွေကို လက်တွေ့ အကောင် အထည် ဖေါ်ဖို့ လိုအပ် တယ်လို့ သူက ပြောကြား သွားခဲ့ ပါတယ်။