လက်ပံတောင်းမှာ ရဲ ပစ်လို့ တဦးသေ

  • 22 ဒီဇင်ဘာ 2014
letpadaung_clash ဓာတ်ပုံ မူပိုင် Han Win Aung FB
Image caption ရဲပစ်လို့ အမျိုးသမီး တစ်ဦးသေဆုံး

မုံရွာ တဘက်ကမ်း လက်ပံတောင်း ကြေးနီ စီမံကိန်း ဧရိယာ မှာ လျော်ကြေး မယူရသေးတဲ့ မြေတွေကို ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး ခတ်တာကြောင့် ဒေသခံ တွေနဲ့ အချင်းများ ရာက ရဲတပ်ဖွဲ့ ဝင်တွေနဲ့ ရွာသားတွေ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပြီး မိုးကြိုးပြင် အလယ်ရွာ က အသက် ၅၆ နှစ် အရွယ် ဒေါ်ခင်ဝင်း သေနတ် ထိမှန်ပြီး နေရာ မှာတင် သေဆုံး သွားတယ်လို့ ရွာသား တွေက ပြောပါတယ်။

သေနတ် ဒဏ်ရာ ရသူ နောက်ထပ် အနည်းဆုံး သုံးဦး ရှိတယ် လို့ ရွာသားတဦးက ဘီဘီစီကို ပြောပါတယ်။

မိုးကြိုးပြင် ရွာသား တွေက လိပ်ခွံတောင် ပတ်ဝန်းကျင် က သူတို့မြေတွေ ပေါ်ကနေ တားရာက လေးခွနဲ့ အပြန်လှန် ပစ်ခတ်ပြီး နောက်ပိုင်း မှာ ရဲဘက်က ကျည်အစစ် တွေနဲ့ ပစ်ခတ် ရာက ခုလို လူသေတဲ့ထိ ဖြစ်ခဲ့တာလို့ ဒေသခံ တွေက ပြောပါတယ်။

ရဲ တပ်ဖွဲ့ဝင်တွေ မှာလည်း မျက်လုံးနဲ့ ဦးခေါင်းကို လေးခွ ထိမှန် ခံရသူတွေ ရှိတယ် လို့ တိုင်းအစိုးရ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Han Win Aung FB
Image caption တရုတ်ကုမ္ပဏီ လုံခြုံရေးများ

လိပ်ခွံတောင် တဝိုက်မှာ ရဲက ကုမ္ပဏီ ဝန်ထမ်းတွေ ဘက်က အကာကွယ် ပေးရင်း ပစ်ခတ်မှု ဖြစ်ခဲ့ပေမယ့် ဆည်တည်း ရွာ ဘေးမှာ တော့ တရုတ် ကုမ္ပဏီ ဝန်ထမ်းတွေ ကိုယ်တိုင် က ရွာသားတွေကို သူတို့ ယူလာတဲ့ ရဲဒင်းလို လက်နက်တွေနဲ့ တိုက်ခိုက် ခဲ့တယ်လို့ ထွက်ပြေး ခဲ့ရတဲ့ ဒေသခံ အမျိုးသမီး တယောက် က ပြောပြပါတယ်။

ဒေသခံ မြေပိုင်ရှင် တွေ ကတော့ သူတို့ လျော်ကြေး မယူရသေး တဲ့ မြေတွေ ပေါ်မှာ စီမံကိန်း မလုပ်ဖို့ တားမြစ် နေပေမယ့် လျော်ကြေး ပေးတဲ့ အချိန် ကာလတုန်းက လျော်ကြေး မယူတဲ့ အတွက် ဒီလျော်ကြေးငွေ တွေကို ဒေသ ဖွံ့ဖြိုးရေးမှာ သုံးစွဲ သွားမယ်လို့ အာဏာပိုင် က ကြေညာ ခဲ့ပြီးနောက် ဒေသခံ တွေနဲ့ ကုမ္ပဏီကြား နေ့စဉ် ဆိုသလို ပြဿနာ တက်နေကြတာ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်း ကို ဆက်သွယ် မေးမြန်းဖို့ တိုင်းအာဏာပိုင် တွေနဲ့ စီမံကိန်း အကောင်အထည် ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဆီကို ဆက်သွယ် ခဲ့ပေမယ့် ဖြေကြားခြင်း မရှိဘူးလို့ လက်ပံတောင်း စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ပုလဲ NLD ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။

စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ ရဲ့ ညွှန်ကြားချက်ကို အပြည့်အဝ အကောင်အထည် မဖော်မှု၊ မြေသိမ်းခံ တောင်သူ တွေ နဲ့ ပြေလည်အောင် မညှိနှိုင်းမှု၊ ဒေသခံ တွေရဲ့ စားဝတ်နေရေး လုံခြုံ စိတ်ချရအောင် မဖန်တီး ပေးနိုင်မှု တွေကြောင့် ဒီလို ပစ်ခတ်မှု ဖြစ်တဲ့ အထိ အခြေ အနေ ဆိုး သွားတယ်လို့ သူက ရှင်းပြ ပါတယ်။

ဒေသ တွင်းက ဇီးတော နဲ့ ဆည်တဲ ရွာတွေကို လုံခြုံရေးတွေ ဝင်စီးမယ် ဆိုတဲ့ သတင်း တွေကြောင့် ဒေသခံတွေ ထိတ်လန့် နေရတယ် လို့ ဇီးတော ကျောင်း ဆရာတော်က ဘီဘီစီကို မိန့်ကြား ပါတယ်။