ဒေါ်ခင်ဝင်း ကျည်ဒဏ်ရာ နဲ့ သေဆုံးကြောင်း မှုခင်း ဆရာဝန်တွေ အတည်ပြု

  • 24 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် han win aung
Image caption ဒီဇင်ဘာ ၂၅ ရက် နေ့လည် ၂ နာရီမှာ မိုးကြိုးပြင် အလယ်ရွာ သုသာန်မှာ ဂူသွင်း သင်္ဂြိုဟ်မယ်

လက်ပံတောင်း ပဋိပက္ခ တွင်း တနင်္လာနေ့က သေဆုံး ခဲ့ရတဲ့ မိုးကြိုးပြင် အလယ်ရွာ က တောင်သူ ဒေါ်ခင်ဝင်းဟာ သေနတ် ဒဏ်ရာနဲ့ သေဆုံး တာ ဖြစ်ကြောင်း သေမှု သေခင်း စစ်ဆေးတဲ့ ဆရာဝန် တွေက အတည်ပြု ပြောကြား လိုက်ပါတယ်။

ဒေါ်ခင်ဝင် သေဆုံး ရမှုဟာ၊ ၂ နှစ် ကျော်ကြာ ပဋိပက္ခ ဖြစ်ပွား နေတဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီနဲ့ ဒေသခံတွေ ကြားက ပဋိပက္ခ ဖြစ်စဉ်မှာ ပထမဆုံး လူသေ ဆုံးမှု ဖြစ်ပါတယ်။

ဒီသေဆုံး မှုနဲ့ ပတ်သက်ပြီး အမှုဖွင့် တာကို ဆားလင်းကြီး မြို့နယ် ရဲစခန်းက အမှု လက်ခံလိုက် ပြီလည်း ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ကလည်း အခုလို သေဆုံးမှု ဖြစ်ရတဲ့ အတွက် ဝမ်းနည်းကြောင်းနဲ့ စိုးရိမ်ပူ ပန်မိကြောင်း ထုတ်ဖေါ် ပြောကြား ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ ဒီလက်ပံတောင်း ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင်ရွက် ခဲ့တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင် ခံစာ အပေါ် ထိရောက်စွာ အကောင် အထည်ဖေါ် ဆောင်ရွက်ခြင်း မရှိ ခဲ့တဲ့ အတွက် အခုလို ဖြစ်ခဲ့ ရကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန် ပါတယ်။

ဒါပေမယ့်လည်း ဒီစီရင် ခံစာကို အကော် အထည် ဖေါ်တဲ့ ကော်မတီ ကတော့ အစီရင် ခံစာ အတိုင်း ဆောင်ရွက် ခဲ့ကြောင်းနဲ့ ရွာသား အနည်းငယ် ကသာ သဘော မတူတာ ဖြစ်တယ်လို့ ပြောပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့ အစည်း ကလည်း လက်ပံတောင်း ဒေသခံတွကို အကြမ်း ပစ်ခတ် နှိမ်နင်း ခဲ့တဲ့ အပေါ် ကွန့်ကွက်ကြောင်း ကြေညာ ချက် ထုတ်ပြန် ထားပါတယ်။

ဒေါ်ခင်ဝင်းရဲ့ ကျန်ရစ်တဲ့ ရုပ်ကလာပ် ကိုတော့ ဒီဇင်ဘာ ၂၅ ရက် နေ့လည် ၂ နာရီမှာ မိုးကြိုးပြင် အလယ်ရွာ သုသာန်မှာ ဂူသွင်း သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။