ကော့​တောင်​ကျွန်း လူသတ်​မှု သက်သေ​တွေ​ကို ထိုင်း​တရားရုံး လက်ခံ

  • 26 ဒီဇင်ဘာ 2014
thai_burma_murder_ ဓာတ်ပုံ မူပိုင် Getty
Image caption ရှေ့နှစ် ဇူလိုင်ထဲမှာ ထိုင်းအစိုးရ တရားလိုပြ သက်သေတွေကို စစစ်မယ်။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှု မှာ ၂ ဘက် ရှေ့နေတွေ တင်ပြတဲ့ သက်သေ တွေကို ထိုင်းတရားရုံးက လက်ခံ လိုက်ပြီး တရားလို သက်သေ တွေကို ရှေ့နှစ် ဇူလိုင်လ ၈ ရက်နေ့ မှာ စတင် စစ်ဆေးမှာ ဖြစ်တယ်လို့ ဒီ အမှုမှာ ဗြိတိန်နိုင်ငံသား ၂ ဉီးသတ်ဖြတ် မှုနဲ့ စွပ်စွဲ ခံထားရတဲ့ မြန်မာ နိုင်ငံသား ၂ ဦး ရဲ့ ရှေ့နေ က ပြောပါတယ်။

ဒီဇင်ဘာ လဆန်းတုန်း က ဒီ အမှုကို ကြားနာ စစ်ဆေးမယ် ဆိုပြီး ကော့တောင် တရားရုံးက လက်ခံ လိုက်ပြီးတဲ့နောက် ၂၆ ရက်နေ့က ပထမဆုံး အကြိမ် ရုံးထုတ်ပြီး ၂ ဘက်ရှေ့နေတွေ တင်လာတဲ့ သက်သေ တွေကို ရုံးတော်က လက်ခံ လိုက်တာ ဖြစ်ပါတယ်။

တရားလို ထိုင်း အစိုးရ ရှေ့နေတွေက ထိုင်းရဲ အများစု ဖြစ်တဲ့ လူသက်သေ ၆၅ ယောက်၊ DNA သက်သေ၊ CCTV သက်သေတွေ တင်ပြခဲ့ပြီး စွပ်စွဲ ခံထားရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ဘက်ကလည်း အမှု မကျူးလွန်ကြောင်း ပြသနိုင်တဲ့ လူသက်သေ ၃၀ ကျော် အပါအဝင် အခြား အထောက်အထား စာရွက် စာတမ်းတွေ တင်ပြခဲ့တယ် ဆိုပြီး သူတို့ ၂ ဦးရဲ့ ရှေ့နေ ဦးအောင်မျိုးသန့် က ဘီဘီစီကို ပြောပါတယ်။

ထိုင်း အစိုးရ ရှေ့နေတွေဘက်က အမှုကို အမြန်ဆုံး စစ်ဆေး ကြားနာလို ကြပေမယ့် စွပ်စွဲ ခံထားရသူတွေ ဘက်ကတော့ မြန်မာပြည် ကနေ ခေါ်ယူရမယ့် နောက်ထပ် လူသက်သေ တွေ ရှိသေးတဲ့ ကိစ္စမျိုးလို အချိန်ယူ ဆောင်ရွက် ရမှာတွေ ရှိသေး တာကြောင့် အခုလို ဇူလိုင် လထဲ မှာမှ တရားလို သက်သေတွေ စတင် စစ်ဆေးဖို့ တရားရုံး က သတ်မှတ် ပေးခဲ့တာ ဖြစ်ကြောင်း ဦးအောင်မျိုးသန့် က ဆိုပါတယ်။

အခုလို ၇ လ လောက် စောင့်နေရတဲ့ ကာလ အတွင်းမှာ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ အတွက် အာမခံ ရဖို့လည်း လျှောက်ထား သွားမှာ ဖြစ်ကြောင်း လည်း ဦးအောင်မျိုးသန့် က ပြောပါတယ်။

မြန်မာ ရွှေ့ပြောင်းလုပ်သား ၂ ဦးဟာ ထိုင်းရဲတွေ ရဲ့ နှိပ်စက် ခံခဲ့ရလို့ ဖြောင့်ချက် ပေးခဲ့ ရကြောင်း နဲ့ ဒီ အမှုအတွက် အပြစ် မရှိကြောင်း ထွက်ဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ