လက်ပံတောင်းအရေး ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့လို

  • 26 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် epo
Image caption ဝမ်းပေါင်က သံဆူးကြိုးခြံစည်းရိုးကာ

မုံရွာတဖက်ကမ်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ ဦးပိုင် ဝမ်ပေါင် ကြေးနီစီမံကိန်း ရှိရာဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဝမ်ပေါင်ကုမ္မဏီက ခြံစည်းရိုးခတ်ရာမှာ ရဲနဲ့ ဒေသခံတောင်သူတွေ ရဲ့ ပဋိပက္ခအတွင်း လူသေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

ဒီကနေ့ သောကြာနေ့ မှာတော့ လက်ပံတောင်းဒေသက ဆည်တည်း၊ ဆီးတော၊ ဝက်မှေးစတဲ့ ရွာတွေမှာ ခြံစည်းရိုးခတ်တာတွေ ပြီးသွားခဲ့တဲ့ အနေအထားမှာရှိနေပြီး အခြေအနေတွေ အေးဆေးတည်ငြိမ်နေတယ်လို့ ဇီးတော စမ်းမြဝတီ ကျောင်းတိုက် ဆရာတော် ဦးအာလောက ကမိန့်ပါတယ်။

အခုခြံစည်းရိုးခတ်ခဲ့တာဟာ ယာခင်းတွေကိုခတ်ခဲ့တာဖြစ်ပြီး ခတ်ခဲ့တဲ့ အဝိုင်းအဝန်းထည်းမှာ ရွာတွေ ဘုန်ကြီးကျောင်းတွေ ပါဝင်တာမျိုးမရှိပေမယ့် ရွာသားတွေ အသုံးပြုတဲ့ လမ်းတွေပါဝင်တဲ့ အတွက် တရွာနဲ့ တရွာ သွားရေးလာရေးခက်ခဲတယ်လို့ ဆိုပါတယ်။

ဒီလို ပစ်ခတ်မှုတွေနဲ့ ထိခိုက်သေကြေမှုတွေ မရှိခင်ကတည်းက ညှိနှိုင်းအဖြေရှာဖို့ ပြောကြားခဲ့ပေမယ့် ဝမ်ပေါင်ကုမ္ပဏီဘက်ကရော ဦးပိုင်ဘက်ကပါ ဒီကနေ့အထိလာရောက် ညှိနှိုင်းဆွေးနွေးတာမျိုးမရှိဘူးလို့ ဇီးတော စမ်းမြဝတီဆရာတော်က မိန့်ပါတယ်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီကတော့ သူတို့အနေနဲ့ လျော်ကြေးမယူတဲ့ ဒေသခံတွေနဲ့ ဆွေးနွေးညှိနှိုင်းလိုပေမယ့် ရန်ပြုမယ့် သဘောတွေ့ရတာကြောင့် ညှိဖို့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဒေသခံတွေဘက်က ညှိနှိုင်းမယ်ဆိုရင် လက်ခံပါလိမ့်မယ်၊ဒါကြောင့် ညှိနှိုင်းအဖြေရှာကြဖို့ လိုတယ်လို့ ဆရာတော် ဦးအာလောကက မိန့်ကြားခဲ့ပါတယ်။