မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲရေး အထူး တင်ဆက်မှု

  • 27 ဒီဇင်ဘာ 2014
assk ဓာတ်ပုံ မူပိုင် Getty
Image caption ပြုပြင်ပြောင်းလဲရေး တွေရပ်နေပြီလို့ ဒေါ်စု ပြော

မကြာသေးခင်လ တွေအတွင်း မြန်မာပြည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် တွေနဲ့ ပတ်သက်ပြီး စိုးရိမ် စကား တွေ ကြားလာ နေရပါတယ်။ လက်ရှိမှာ ပြုပြင် ပြောင်းလဲ ရေး တွေ ရပ်နေပြီလို့ ဒေါ်အောင်ဆန်း စုကြည် က နိုဝင်ဘာလ ထဲမှာ ပြောခဲ့ပါတယ်။

နိုင်ငံတကာ ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွား ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေလည်း ဝင်လာပြီ ဆိုတော့ စစ်တပ် ဖက်ကလိုချင်တာ ရထားပြီလို့ တချို့ဝေဖန်သူတွေက ယုံကြည်နေပါတယ်။

ဒီတော့ နိုင်ငံတကာ အနေနဲ့ မြန်မာအစိုးရ ကို လိုက် လျောတာတွေ သိပ်များသွားသလား။

ဘီဘီစီ ဝိုင်းတော်သား ဦးကိုကိုအောင်က BBC Radio 4 အတွက် ရန်ကုန်မြို့ ကနေ အထူး သတင်းပေးပို့ချက်ကို မြန်မာလို ပြန်ဆို တင်ဆက် ပေး လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲကတော့လပေါင်းအတော်ကြာလိုပါလိမ့်ဦးမယ်။

ဒါပေမယ့် ရန်ကုန်စည်ပင် အမှုဆောင်နေရာတွေအတွက် မဲဆွယ်နေတာ ကိုကြည့်ရင် ဒီမိုကရေစီယန္တယားကြီးက လည်ပတ်နေ တဲ့ ပုံပါ။

အကောင်းဖက်ကို မျှော်လင့်ချက်တွေ ရှိနေပေမယ့် စိတ်မချရတဲ့ လျှပ်စစ်မီးလိုပါဘဲ ပြုပြင်ပြောင်းလဲရေးကလည်း နည်းနည်းတော့ ပြတ်တောင်း ပြတ်တောင်းပေါ့ဗျာ။

နေခြည်။ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က အင်တာနက် လိုင်းလို ဘဲဗျ။ အစမှာတော့ အတော်မြန်တော့ မလိုဘဲ။ နောက်ကျ တော့ နှေးနှေးသွားပြီး ခုကျတော့ ရပ်သွားတော့မယ့် အခြေအနေပေါ့ဗျာ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဆင့်မြင့် ပါတီဝင်တဦး ဖြစ်တဲ့ ကိုနေခြည်ဝင်း က ပြုပြင်ပြောင်းလဲမှုတွေ ရပ် နေတာ ကြောင့် တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ရေရှည် ငြိမ်းချမ်းရေး ရဖို့ကို ထိခိုက်စေသလို နိုင်ငံရေး၊ အရပ်ဖက်နဲ့ တရားဥဒေ ဆိုင်ရာ အခွင့်အရေးတွေ လည်း တိုးတက်ရမလာနိုင် ဖြစ်နေရတယ်လို့ဆိုပါတယ်။

လက်ရှိဖွဲ့စည်းပုံ ကို ပြင်မယ်ဆိုရင် အနည်းဆုံး အမတ် ၇၅ ရာနှုန်း အထက်က ထောက်ခံဖို့ လိုပြီး စစ်တပ်က ၂၅ ရာနှုန်း အမတ်နေရာတွေကို ယူထားလေ တော့ အဓိကကျတဲ့ အပြောင်းအလဲ တွေ လုပ်နိုင်ဖို့က သိပ်မလွယ်ပါဘူး။

အော်လီဗာ။ မြန်မာပြည် ဒီမိုကရေစီ အပြည့်အဝရှိတဲ့ နိုင်ငံဖြစ်လာဖို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြုပြင် ပြောင်းလဲစရာတွေ အများကြီး ရှိနေပါတယ်။ အဲဒီလိုပြောင်းလဲဖို့ ကျော်ဖြတ် ရမယ့် အတားအဆီးတွေ ကလည်း အတော်ကြီးမားပါတယ်။

ဒီလိုပြောပေမယ့် ဗြိတိသျှ အောက်လွှတ်တော် က အဆင့်မြင့် သုတေသနမှူး အော်လီဗာ ဘက်နက်တ် က အခြေအနေကို အကောင်းမြင် နေပါတယ်။ သူ့ကို မြန်မာ လွှတ်တော် အမတ်တွေ အတွက် သုတေသန လုပ်ပေး နေတဲ့ မြန်မာအဖွဲ့ ကို လေ့ကျင့်ပေးဖို့ နေပြည်တော် ကို ဖိတ်ခေါ် ထားတာ ဖြစ်ပြီး သူက အဲဒီစီမံကိန်း အတော် အောင်မြင်နေတယ် လို့ဆိုပါတယ်။

စစ်အစိုးရ လက်ထက် တုန်းက အဆိုးဆုံး ခံစားခဲ့ရတဲ့ သူ တွေနဲ့ စကားပြော ကြည့်ရင် တော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုအပေါ် လူတွေဘယ်လောက် ယုံကြည်မှုရှိလဲ ဆိုတာ ကို အကဲခတ်နိုင်လိမ့်မယ် ထင်ပါတယ်။ ဒီတော့ နိုင်ငံရေး အကျဉ်းသားဟောင်း ကျော်စွာဆွေကို သွားတွေ့ရ အောင်ပါ။ ဒီမိုကရေစီကိုအားပေးတဲ့အတွက် သူ့ကို ၁၉၉၈ ခုနှစ်တုန်းက ထောင် ၁၄ နှစ် ချခဲ့ပါတယ်။

ကိုကျော်စွာဆွေက လက်ရှိ ဖွဲ့စည်းပုံဟာ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ မဖြစ်နိုင်အောင် တားမြစ် ထားတဲ့အပြင် သူ လွှတ်တော် အမတ် ဖြစ်နေတဲ့ အချက် ကို က သူ့ကို ပြန်ကန့်သတ် ထားသလို ဖြစ်နေလို့ လွှတ်တော် ထဲက ထွက်လိုက်ဖို့ ကောင်း တယ်လို့ လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်တပ် ဟာ ခုလိုမျိုး မူဆလင် ရိုဟင်ဂျာတွေ အပေါ် တိုက်ခိုက်မှုတွေကို တားဆီးဖို့ မကြိုးစားဘူး၊ ကချင် ဒေသမှာ လည်း တိုက်ပွဲတွေ ရပ်အောင် တကယ် မလုပ်ဘူး ဆိုပြီး စွပ်စွဲတာ ခံနေရပါတယ်။

မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန် ဘာသာဝင် တွေရဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားလ်စ်ဘို ကလည်း စစ်တပ်ဟာ အဂတိ လိုက်စားမှု၊ မြေယာသိမ်း ယူမှုတွေကို ဆက်လုပ်နေတယ် လို့ စွပ်စွဲ ပြီး သူတို့က မြန်မာပြည်ကို ဒီမိုကရေစီ အပြည့်အဝ ပေးချင်တာ မဟုတ်ဘူး လို့ဆိုပါတယ်။

ဘို။ ဒီစစ်တပ်က ခုလို ကစားကွက်မျိုး တွေကို လုပ်လာတာ ဆယ်စုနှစ်ပေါင်း မနည်း တော့ပါဘူး။ သူတို့ဆက်ပြီး အာဏာကို စွဲကိုင် ထားမှာကို ကျွန်တော် ပူမိတယ်ဗျ။ အခု တိုင်းပြည်ရဲ့ စည်းစိမ် ဥစ္စာတွေ သူတို့ လက်ထဲမှာ ရှိနေတာ တောင်မှ လောဘက အတော မသတ်နိုင်သေးဘူး။ ဆက်လုပ်ချင်နေသေးတာလေ။

ဦးရဲထွဋ်။ ကျွန်တော်တို့ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် ဒီလိုစွပ်စွဲတာတွေကို လုံးဝပယ်ချပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ကတော့ ပြုပြင်ပြောင်းလဲရေးတွေ နှေးကွေးနေတာဟာ တကယ်တော့ ပိုပြီး ရှုပ်ထွေး ခက်ခဲ တဲ့အပိုင်းကို ရောက်လာလို့သာ ဖြစ်ပါတယ်တဲ့ ၊ အစိုးရက ရပ်ထား လို့ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

အဲဒီ အထဲမှာ ကြီးမား တဲ့ အတားအဆီး တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ကပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး မကြာသေးခင်ကပြောခဲ့ တဲ့ဝေဖန်စကားတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဦးရဲထွဋ်။ သူ့အနေနဲ့ရည်ရွယ်ချက်ကောင်းနဲ့ ပြောတာလည်း ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့သုံးတဲ့ စကားလုံးတွေ ကတော့ စစ်တပ်ရဲ့ နားလည်မှုနဲ့ ယုံကြည်မှု ကို ရနိုင်မှာ မဟုတ်ပါဘူး။

အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကလည်း စစ်တပ်ရဲ့ ပြောင်းလဲချင်တဲ့ ဆန္ဒနဲ့ ပတ်သက်ပြီး အလားတူ မယုံကြည်မှုမျိုး ရှိနေပုံ ရလေတော့ လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို လမ်းကြောင်းမှန် ပေါ်မှာ ဆက်ထိန်းထားဖို့ က အတော်ကြီးမားတဲ့ စိန်ခေါ်မှု တခုလို ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ