ဆည်တည်းမြောက်ပိုင်း ရွာသားတွေက ခြံစည်းရိုးတွေကိုပြန်ခွာ

  • 29 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် kohanwinaung
Image caption သံဆူကြိုးခြံစည်းရိုးကို ရွာခံတွေ ပြန်ခွာခဲ့

လက်ပံတောင်းတောင်ဒေသ ဆည်တည်းရွာ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝမ်ပေါင်ကုမ္ပဏီက သံဆူးကြိုးတွေချပြီး ခတ်ထားခဲ့တဲ့ ခြံစည်းရိုးတွေကို ရွာသားတွေက ဒီကနေ့ နေလည်က ခွာချခဲ့ပါတယ်။

ရဲတွေက သေနတ် ပစ်ဖေါက်ပြီး လူစုခွဲဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်မှာ တားဆီးဖို့ လာတဲ့ ရဲတွေနဲ့ ရွာသားတွေ ထိပ်တိုက်တွေ့ခဲ့ကြပေမယ့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

နောက်ဆုံးသိရတာကတော့ ညနေပိုင်းမှာ ရွာသားတွေဟာ အဲဒီနေရာမှာ သိမ်းဆည်းခံ ယာမြေတွေ ပြန်ရရေးတောင်သူများစခန်းကို ဖွင့်လှစ် စခန်းချနေတယ်လို့ ရွာခံတွေက ပြောပါတယ်။

ရဲဘက်တော့ ခြံစည်းရိုးပြန်ခတ်ဖို့ အခြေ အနေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒီလက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က သေနတ်ကျည် ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တဲ့ တောင်သူဒေါ်ခင်ဝင်း အမှုနဲ့ ပတ်သက်ပြီး မိုးကြိုးပြင်ရွာသား တချို့ကို ဆားလင်းကြီး မြို့မ ရဲစခန်းကနေ သက်သေ အဖြစ် စစ်ဆေးဖို့ တနင်္လာနေ့က ခေါ်ခဲ့ပေမယ့် ခေါ်စာရောက်တာ နောက်ကျတဲ့ အတွက် ရွာသားတွေ သွားနိုင် ခဲ့ခြင်း မရှိပါဘူး။

ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှု အတွက် စုံစမ်း စစ်ဆေးမှု အခြေ အနေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မတီရဲ့ တာဝန်ရှိသူ ဗိုလ်မှူးကြီး ကျော်သူဇော် ကို ဆက်သွယ် မေးမြန်း ခဲ့ရာက အခု အချိန် မှာတော့ စုံစမ်း စစ်ဆေး နေဆဲဖြစ်လို့ မပြောနိုင် သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ပြေလည်မှုတွေ မရနိုင်သေးတဲ့ အခုလို လက်ပံတောင်း အရေး ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ မှာလည်း တက်ကြွ လှုပ်ရှားသူတွေ ကနေ တနင်္လာနေ့မှာ ရန်ကုန် မြို့တော်ခန်းမ ရှေ့ကနေ တရုတ် သံရုံး အထိ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ ပါတယ်။

ဆန္ဒပြပွဲ တွေဟာ တရုတ်သံရုံးကိုသွားတဲ့ လမ်းထိပ်ရှေ့မှာ ည ၇ နာရီလောက် အထိ ဆက်လက် ဖြစ်ခဲ့ပြီး ရဲနဲ့ ဆန္ဒပြသူတွေ အကြား တင်းမာမှု အနည်းငယ် ရှိခဲ့တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ တဦး ဖြစ်တဲ့ ကိုနေမျိုးဇင်က ပြောပါတယ်။