လက်ပံတောင်း အခြေအနေ ဆက်လက်တင်းမာ

  • 30 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် han win aung
Image caption ရဲက အကြမ်းဖက် ဖြိုခွဲ ရင်လည်း ငြိမ်းငြိမ်း ချမ်းချမ်း ပဲ စခန်းထဲ ကနေ တုံ့ပြန် မယ်လို့ ပြောပါတယ်

လက်ပံတောင်း ဒေသ ဆည်တည်းရွာ မြောက်ဘက်မှာ ကုမ္ပဏီ ဘက်က ခတ်ထားတဲ့ ခြံစည်းရိုး တွေကို တနင်္လာ နေ့က ပြန်ဖျက် ခဲ့ပြီး စခန်း ချ တောင်းဆို မှုတွေ လုပ်နေတဲ့ တောင်သူ တွေကို လူစု ခွဲဖွဲ့ ရဲတပ်ဖွဲ့ ကနေ သတိ ပေးခဲ့ ပါပြီ။

ရဲတွေဘက်မှာ မီးသတ်ကား ၂ စီးလည်း ရောက်ရှိ နေတယ်လို့ စခန်းထဲမှာ ရှိနေတဲ့ ဆည်တည်း ရွာသူ တဦးက ပြောပါတယ်။

အဲဒီ သိမ်းဆီးခံ လယ်ယာ မြေ ပြန်ရရေး စခန်းမှာ ရွာသား အယောက် ၂၀၀ လောက် ရှိ နေပြီး၊ ရဲဘက် အကြမ်းဖက် ဖြိုခွဲ ရင်လည်း ငြိမ်းငြိမ်း ချမ်းချမ်း ပဲ စခန်း ထဲ ကနေ တုံ့ပြန် မယ်လို့ ပြောပါတယ်။

အခုလို တင်းမာ မှုတွေ ဆက်လက် ရှိနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပုလဲ မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် လည်းဖြစ်၊ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် လည်း ဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင် ကတော့ ရွာသူ ရွာသား တွေ အနေနဲ့ ထိန်းထိန်း သိမ်းသိမ်း လုပ်ကြ ဖို့ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်း ပတ်က လက်ပံတောင်း အရေးကြောင့် သေနတ်ကျည် ဒဏ်ရာ နဲ့ သေဆုံး ခဲ့ရတဲ့ ဒေါ်ခင်ဝင်း ကိစ္စကို စုံစမ်း စစ်ဆေး အရေးယူ ဆောင်ရွက် မှုတွေ လုပ်ဖို့ အာဏာပိုင် တွေကို တင်ပြ ထားတဲ့ အခုလို အချိန်မှာ မလိုလား အပ်တဲ့ ပြဿနာ တွေ မဖြစ်စေ ချင်ဘူး လို့လည်း သူက ပြောပါတယ်။

ဒီ လက်ပံတောင်း အရေးနဲ့ ပတ်သက်ပြီး ကျောက်ပန်းတောင်း မြို့မှာလည်း သံဃာတော် အပါး ၂၀၀ လောက် နဲ့ လူ ၁၀၀ လောက် ကနေ ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်း နိုင်ဖို့ အင်္ဂါနေ့ မှာ မေတ္တာသုတ် ရွတ်ပြီး စီတန်း လှည့်လည် ခဲ့ကြ ပါတယ်။

စီတန်း လှည့်လည်မှု ကိုတော့ အာဏာပိုင် တွေက ဘက်က တစုံ တရာ ဟန့်တား တာမျိုး မရှိဘူး လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Nay Myo Zin
Image caption သူတို့ကို ပုဒ်မ ၃ ခုနဲ့ တရားစွဲ ဆိုမယ် လို့ သိရ ပါတယ်

ဒါပေမယ့်လည်း တနင်္လာနေ့က လက်ပံတောင်း ကိစ္စနဲ့ ရန်ကုန်မှာ ဆန္ဒပြ ခဲ့တဲ့ သူတွေ ထဲက ဦးဆောင် သူတွေ ဖြစ်ကြတဲ့ ကိုနေမျိုးဇင် ဒေါ်နော်အုန်းလှနဲ့ ဒေါ်စိန်ထွေး တို့ ကိုတော့ ရဲက အင်္ဂါနေ့ မနက်ပိုင်း မှာ ဖမ်းဆီးပြီး အင်းစိန်ထောင် ပို့လိုက် ပါပြီ။

သူတို့ကို ပုဒ်မ ၃ ခုနဲ့ တရားစွဲ ဆိုမယ် လို့ သိရပါတယ်။

တခြား ဆန္ဒပြသူ တွေ အိမ်ကိုလည်း ရဲက ဆက်သွယ် မေးမြန်း တာတွေ လုပ် နေတယ်လို့ ရန်ကုန် ဆန္ဒပြ ပွဲမှာ ပါဝင် ခဲ့တဲ့ ကိုမင်းနေထူး က ဘီဘီစီ ကို ပြောပါတယ်။

လက်ပံတောင်း အရေး ကတော့ မြန်မာ နိုင်ငံက အရှည် အကြာဆုံး မဖြေရှင်း နိုင်သေးတဲ့ လယ်သမား အရေး လို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ