လက်​ပံ​တောင်း ဒေသ​ခံ​တွေ​ရဲ့ သပိတ်​စခန်း ရုတ်​သိမ်း​ဖို့ အာဏာပိုင်​တွေ ဖိ​အားပေး

  • 30 ဒီဇင်ဘာ 2014
letpadaung_dawkhinwin ဓာတ်ပုံ မူပိုင် burmese
Image caption ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နေရာဖြစ်လို ဆည်တဲ သပိတ် စခန်းကနေ လူစု ခွဲဖို့ ရဲတွေက တောင်းဆို နေပါတယ်။

လက်ပံတောင်း ကြေးနီ စီမံကိန်း ရဲ့ လတ်တလော ပဋိပက္ခမှာ သပိတ်စခန်း ဖွင့်ထားတဲ့ ဒေသခံ တွေနဲ့ ရဲတွေ အကြား အခြေအနေ တင်းမာဆဲ ဖြစ်ပြီး ထိပ်တိုက် ရင်ဆိုင် နေကြ ပါ တယ်။

တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီ က မြန်မာရဲ အစောင့်အရှောက် နဲ့ စိုက်ပျိုး မြေတွေပေါ် ခတ်လာခဲ့တဲ့ သံဆူးကြိုး တွေကို ဆည်တဲရွာ မြောက်ဘက်မှာ ဒေသခံတွေက ပြန်လည် ဖယ်ရှားခဲ့ပြီး သပိတ် စခန်း ဖွင့်ထားကြပါတယ်။

အဲဒီ့ နေရာကို မီးသတ်ကား ၂ စင်း ရောက် လာ ပြီး ရဲတွေက ဒေသခံ ဆန္ဒပြ သမားတွေကို လူစု ခွဲခိုင်း ခဲ့ပါတယ်။

ဒါပေမယ့် ဒေသခံ ၁၀၀ ကျော် ဟာ လူစုမခွဲပဲ ညလုံးပေါက် သပိတ်စခန်း ထဲမှာ ရှိနေ ကြသလို တစ်ဖက်မှာလည်း မြေကော်စက်နဲ့ မြေကြီးတွေကို တူးယူ စုပုံထားတဲ့ မြေစာပုံ အရံအတား တွေရဲ့ အနောက်မှာ ရဲတွေက အသင့် အနေအထား ရှိနေခဲ့ပါတယ်။

အဲဒီ့ နယ်မြေဟာ ပုဒ်မ ၁၄၄ ထုတ် ထားတာ ဖြစ်လို့ ဒေသခံ တွေ ဖယ်ရှား ပေးပါ ဆိုပြီး ရဲတွေ က ပြောနေ ပါ တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက် နေ့က ရဲရဲ့ ပစ်ခတ် မှုကြောင့် ဒေသခံ တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့တဲ့ နောက် မြန်မာ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီနဲ့ တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင် နေတဲ့ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ တွေ ရန်ကုန် မန္တလေး မြို့ကြီး တွေ မှာ ပေါ်ပေါက် လာပါတယ်။

ရန်ကုန် တရုတ်သံရုံး ရှေ့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နဲ့ တင်းမာမှု တွေ ရှိခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ နော်အုန်းလှ၊ ကိုနေမျိုးဇင်နဲ့ ဒေါ်စိန်ထွေး တို့ကို အာဏာပိုင် တွေက နောက်တနေ့မှာ ဖမ်းဆီး လိုက်ပြီး အင်းစိန် ထောင်ကို ပို့လိုက် ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ