သမ္မတ ဦးသိန်းစိန် နှစ်သစ်ကူး မိန့်ခွန်း

  • 1 ဇန်နဝါရီ 2015
sein ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံရေး တွေ့ဆုံပွဲတွေ ကျင်းပဖို့ တောင်းဆိုမှု များလာ

၂ဝ၁၅ ခုနှစ်ရဲ့ ပထမဆုံး နေ့ ဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်မှာ သမ္မတ ဦးသိန်းစိန်က ၂ဝ၁၄ နဲ့ ပတ်သက် ပြီး ပြည်သူကို အစီရင်ခံ တင်ပြချက်နဲ့ ၂ဝ၁၅ နှစ်သစ် နှုတ်ခွန်းဆက် စကားတွေ ပြောကြား ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် က မြန်မာနိုင်ငံမှာ စေ့စပ် ဆွေးနွေးတဲ့ ယဉ်ကျေးမှု သစ် ကို ဆောင်ရွက် နိုင်ခဲ့ပြီ လို့ ဒီမိန့်ခွန်း မှာ ပြောလိုက် ပါတယ်။

ဒါဟာ သူ့အောင်မြင်မှု တခုအဖြစ် ကြွေးကြော် လိုက်တယ် လို့တောင် ဆိုနိုင်ပါတယ်။

အခုလာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ ဟာလည်း နိုင်ငံရေး အင်အားစု အားလုံး ပါဝင်မယ့် ပထမဆုံး ရွေးကောက်ပွဲ လို့တောင် ဆိုပါတယ်။

အရင် ရွေးကောက်ပွဲ တွေဟာ နိုင်ငံရေး အင်အားစု အားလုံး မပါဝင် နိုင်ခဲ့ဘူး လို့လည်း သူက ထောက်ပြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး အောင်အောင် မြင်မြင် မဆောင်ရွက် နိုင်သေးတဲ့ အတွက် တိုင်းရင်းသား တပ်ဖွဲ့တွေ ဟာ လက်နက်ကိုင် အဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

ဗမာပြည် ကွန်မြူနစ် ပါတီ ဟာလည်း အခုချိန်ထိ ၂ဝဝ၈ အခြေခံဥပဒေကို ဆန့်ကျင်နေဆဲ ဖြစ်ပါတယ်။

အဲသလို အဖွဲ့အစည်း တွေ အနေနဲ့ ဘယ်လို ပါဝင်နိုင်မလဲ ဆိုတာ ကိုတော့ သမ္မတ မိန့်ခွန်းမှာ ဖော်ပြ မထား ပါဘူး။

သမ္မတရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား မှာ တော့ ပြည်သူတွေ သိပ် လိုလားနေတဲ့ တည်ငြိမ် အေးချမ်းမှုနဲ့ စီးပွားရေး တိုးတက်မှု တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ လေးနှစ် အတွင်းမှာ အောင်မြင်မှုတွေ ရခဲ့တယ်လို့ ဆိုထား ပါတယ်။

တိုင်းရင်းသား တွေနဲ့ ဖြစ်ပွား နေတဲ့ စစ်ပွဲ၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ၊ မြေယာ ပြဿနာ တွေ ဖြစ်ပွားနေတဲ့ အချိန်မှာ တည်ငြိမ် အေးချမ်းမှု တိုးတက်လာတယ် ဆိုတဲ့ စကားဟာ အငြင်းပွားစရာ ဖြစ်နိုင်ပါတယ်။

စီးပွားရေး တိုးတက် လာတယ် ဆိုတဲ့ စကားအပေါ်မှာလည်း သဘောတူသူ၊ သဘောမတူသူ အမြင် ကွဲလွဲမှုတွေ ရှိနိုင်တယ် လို့ ဆိုရမယ် ထင်ပါတယ် ။

မြေယာကဏ္ဍ ပြုပြင်ရေး မှာ ထိထိရောက်ရောက် ဖြစ်ဖို့နဲ့ ပြည်သူတွေ မထိခိုက် မနစ်နာဘဲ ရသင့်တဲ့ မြေတွေ ပြန်လည် ရရှိဖို့ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ ကျင်းပမယ့် ရက် တရားဝင် ကြေညာ ပြီးမှ ဝင်ပြိုင်မယ် မပြိုင်ဘူး ထုတ်ဖော် ပြောကြားမယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က မကြာခင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ