ဗုဒ္ဓဘား အမှု ၄ ကြိမ်မြောက် ရုံးထုတ်

  • 2 ဇန်နဝါရီ 2015
bar buddha ဓာတ်ပုံ မူပိုင် Philip Blackwood
Image caption စည်းမျဉ်းစည်းကမ်း မသိဘဲ ဗုဒ္ဓပုံနဲ့ ဘားဆိုင် ကြော်ငြာ

VGastro Bar အမှုရဲ့ (၄)ကြိမ်မြောက် ရုံးချိန်းမှာ ဆိုင်ပိုင်ရှင် မြန်မာ အမျိုးသားနဲ့ ဆိုင်မန်နေဂျာ တို့ကို စစ်ဆေးခဲ့ပြီး သူတို့ နှစ်ဦးစလုံးက နယူးဇီလန်သား ဆိုင်မန်နေဂျာ ဖိလစ် ဘလက်ဝုဒ် မှာပဲ အပြစ်ရှိကြောင်း ထွက်ဆို ခဲ့ကြပါတယ်။

မြန်မာ နိုင်ငံသား (၂)ဦးရဲ့ မိဘ ဆွေမျိုးတွေ အပြင် နယူဇီးလန် နိုင်ငံသား Philip Blackwood ရဲ့ ဇနီးသည်တို့ လာရောက် ခဲ့ကြတဲ့ ဒီကနေ့ တရားခွင်ကို မီဒီယာတွေ ကလည်း နားထောင်ခွင့်ရခဲ့ပါတယ်။

ဘားဆိုင် ကြော်ငြာ ကို ဖိလစ် တယောက်တည်း လုပ်ခဲ့တာ ဖြစ်တဲ့အတွက် သူ့မှာပဲ တာဝန်ရှိတယ် ဆိုပြီး (၂)ဦးစလုံးက ထွက်ဆို ခဲ့ကြပါတယ်။

ဒီကြော်ငြာ ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး ဘားဆိုင် ပါတီပွဲ ကို ဒီလိုမျိုး ကြော်ငြာဖို့ ဖိလစ်ကို မညွှန်ကြား ခဲ့တဲ့ အတွက် ဆိုင်ဝန်ထမ်း တယောက်ရဲ့ အပြုအမူကို တာဝန် မယူနိုင်ဘူး ဆိုပြီး ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန် က ပြန်လည် ထွက်ဆို ခဲ့ပါတယ်။

ဆိုင်မန်နေဂျာ ကိုထွဋ်ကိုကိုလွင် ကတော့ သူဟာ ဖိလစ်ရဲ့ လက်အောက်မှာ အလုပ်လုပ်ရတာ ဖြစ်ပြီး ဘားဆိုင် ကြော်ငြာ ကို လည်း ကြိုပြီး မသိခဲ့ဘူး လို့ တရားရုံးမှာ ပြောဆိုခဲ့ပါတယ်။

မိခင် ဒေါ်အေးသန်းသန်းထူးကတော့ ဒီအမှုမှာ သူ့သားအနေနဲ့ အပြစ် ရှိသလို ဘားဆိုင်ကို ရဲတွေ လာစစ်တဲ့ ညမှာ ဖိလစ်ကို ကားမောင်း လိုက်ပို့ ရာကနေ ဖမ်းဆီး ခံခဲ့ရတာက မသင့်တော်ဘူးဆိုပြီး ပြောပါတယ်။

နိုင်ငံခြားသား ဆိုင်မန်နေဂျာ ကတော့ သူ့အနေနဲ့ ဒီနိုင်ငံက စည်းမျဉ်း စည်းကမ်း တွေကို သေချာ မသိခဲ့တဲ့အတွက် ဗုဒ္ဓ ရုပ်ပွားတော် ပုံနဲ့ ဘားဆိုင် ကြော်ငြာ ခဲ့တာ ဖြစ်ပြီး ဒါကို သိသိချင်း ကြော်ငြာကို ဖြုတ်ချခဲ့ပြီး တောင်းပန်မှု လည်း လုပ်ခဲ့ တယ်လို့ ထွက်ဆို ထားပါတယ်။

ဒီကနေ့ တရားခွင်မှာ ဒေသန္တရ အမိန့် ဖြစ်တဲ့ ပြစ်မှုဆိုင်ရာ ပုဒ်မ (၁၈၈) နဲ့ တရားလိုလုပ်ပြီး စွဲဆိုထားတဲ့ ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးကို လည်း စစ်ဆေးခဲ့ ပါတယ်။

ဘားဆိုင်ကြော်ငြာနဲ့ ပတ်သက်လို့ ဆိုင်ပိုင်ရှင်၊ နိုင်ငံခြားသား ဆိုင်မန်နေဂျာ နဲ့ မြန်မာ နိုင်ငံသား မန်နေဂျာတို့ကို သာသနာရေး ဆိုင်ရာ ပြစ်မှု ပုဒ်မ (၂)ခု အပြင် ဒေသန္တရ အမိန့်နဲ့ ပါ စွဲဆိုထားတာပါ။

နောက်တခါ ရုံးချိန်း ကတော့ ဇန်နဝါရီလ (၁၂ )ရက်နေ့မှာ ထပ်မံ ပြု လုပ် မှာဖြစ်ပြီး အဲဒီမှာ တရားခံပြ သက်သေ တွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ