လွတ်လပ်ရေးနေ့နဲ့ဗိုလ်ရှုခံ အခမ်းအနား

  • 4 ဇန်နဝါရီ 2015
independence_day ဓာတ်ပုံ မူပိုင် burmese
Image caption သမ္မတ က တပ်တွေ စစ်ဆေးစဉ်

နေပြည်တော်မှာ လွတ်လပ်ရေးနေ့ အခမ်းအနား ကို ဗိုလ်ရှုခံ သဘင် နဲ့အတူ ခမ်းနားစွာကျင်းပခဲ့ပါတယ်။

သမ္မတ အပါအ၀င်အစိုးရခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်တွေ၊ ကာကွယ်ရေးဦးစီးချုပ် နဲ့ စစ်တပ် ခေါင်းဆောင်ပိုင်းတွေ၊ လွှတ်တော် ဥက္ကဌတွေ အပါအဝင် ခေါင်းဆောင်ပိုင်းတွေ အခမ်းအနား ကို စုံစုံညီညီ တက်ရောက်ခဲ့ကြသလို ကြည်းရေလေ စစ်တပ် ကိုယ်စားပြုတပ်တွေ နဲ့ အစိုးရ၀န်ထမ်း စုစုပေါင်း ၇၀၀၀ ကျော်လောက်က သမ္မတ ဦးသိန်းစိန်း ကို အလေးပြုခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ်နောက်ပိုင်း ကတည်းက ကျင်းပခဲ့ခြင်းမရှိတဲ့ ဗိုလ်ရှုခံ ပွဲသဘင် မှာ တပ်မတော်လေယာဉ်ပျံတွေ၊ ဒုံးကျည်တင် ကားတွေ အပါအဝင် စစ်ကြောင်းတွေ ချီပြီးတက်ရောက်ခဲ့ကြပါတယ်။

ဒီပွဲသဘင်ကို အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လည်း တက်ရောက်ခဲ့ကြပေမယ့် ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့ က တက်ရောက်ခြင်းမရှိပါဘူး။

အတိုက်အခံနိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လည်းတက်ရောက်လာတာ မတွေ့ရပါဘူး။

ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၆၀ ဘီလီယံကျော် အကုန်အကျ ခံကျင်းပ ခဲ့တယ်လို့ သတင်းထွက်နေတဲ့ ဒီ ဗိုလ်ရှုသဘင် ဟာ အစိုးရ၊ လွှတ်တော် နဲ့ စစ်တပ်တို့ စိတ်ဝမ်းညီညာ တစည်းတည်းရှိကြတာ ကို ပြလိုလို့ လုပ်တဲ့ပွဲလို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာပြည်သူတွေ အနေနဲ့ အခုလို အစိုးရ အင်အားပြတဲ့ပွဲထက်စာရင် မြန်မာပြည် ကောင်းကျိုးအတွက် စစ်မှန်တဲ့နိုင်ငံရေး ဆွေးနွေးပွဲတွေ ကိုသာ မြင်ချင်ကြမှာ ဖြစ်တယ် လို့ လည်း သူက ပြောပါတယ်။