ပြည်ထောင်စုနေ့မှာ အပစ်ရပ် လက်မှတ်ထိုးဖို့ အစိုးရ ရည်မှန်း

  • 5 ဇန်နဝါရီ 2015
Senior General Min Aung Hlaing ဓာတ်ပုံ မူပိုင် Reuters
Image caption ကာကွယ်ရေး ဦးစီးချုပ်ကလည်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့

လာမယ့် ဖေဖော်ဝါ ရီ လ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားလက် နက်ကိုင်တွေ ပါဝင်တဲ တစ်နိုင်ငံလုံး အဆင့် အပစ်အခတ် ရပ်စဲ ရေး လက်မှတ် ရေးထိုး နိုင်ဖို့အစိုးရဘက်က လိုလားတယ်လို့ သမ္မတ ဦးသိန်းစိန်က ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

နေပြည်တော်ကို ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့နဲ့ ဇန်နဝါရီလ ၅ ရက် တနင်္လာ နေ့က တွေ့ဆုံ ရာမှာ သမ္မတဦး သိန်းစိန်က ပြောလိုက်တာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နေ့လယ်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။

အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ အခုလို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် အများအပြားကို သမ္မတနဲ့ တပ်ဖက်က သီးခြားစီ လက်ခံ တွေ့ဆုံတာ ထူးခြားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်လို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် အရေးကြီးတဲ့ ပုဂ္ဂိလ်နဲ့ တွေ့ဆုံစဉ်မှာ တစ်နိုင်ငံလုံး အပစ်ရပ်ရေးမှာ မပြေမလည် ဖြစ်ခဲ့တဲ့ ဖက်ဒရယ် တပ်မတော် အကြောင်း နှစ်ဘက်စလုံးက ပြောဆိုခဲ့ကြတယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်းက ဗိုလ်မှူးစိုင်းလ က ပြော ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိ တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်လို့ ပြောသလို NCCT အဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကလည်း သူတို့ လိုလားတာ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖြစ်ပြီး စင်ပြိုင် တပ်မတော် မဟုတ်ကြောင်း ပြောတယ်လို့ သူက ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးချင်နေတယ်လို့ ပြောနေကြတဲ့ ကေအန်ယူဘက်ကလည်း အဖွဲ့ဝင်တွေ အားလုံး သဘောတူမှသာ တစ်နိုင်ငံ လုံးအပစ်ရပ်ရေး လက်မှတ် ရေးထိုးနိုင်မယ်လို့ ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

အစည်းအဝေး တက်ခဲ့တဲ့ တိုင်းရင်းသားခေါင်း ဆောင်တစ်ချို့ ကလည်း အစိုးရ ဘက်ကရော တိုင်းရင်းသား ခေါင်းဆောင်တွေ ဘက်ကပါ လက်မှတ်ထိုးဖို့ ဆန္ဒ ရှိကြပေမဲ့ ညှိနှိုင်းဖို့ ကျန်တဲ့ ကိစ္စတွေ အပြီးသတ် ဆွေးနွေး သဘောတူပြီးမှသာ လက်မှတ် ထိုးကြမယ်ဆိုတာ မျိုးပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ