လက်ပံတောင်း စီမံကိန်း ရပ်ဖို့ တောင်းဆိုဆန္ဒပြ

  • 6 ဇန်နဝါရီ 2015
Letpadaung ဓာတ်ပုံ မူပိုင် epo
Image caption လက်ပံတောင်း စီမံကိန်း ဒေသ အတွင်း အတား အဆီးတွေ

လက်ပံတောင်းတောင် စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်သူ ၁ဝဝ၀ ကျော်က ဇန်နဝါရီလ ၆ ရက်နေ့က မုံရွာ မြို့ပေါ်မှာ ဆန္ဒပြခဲ့ ကြပါတယ်။

စီမံကိန်း ဧရိယာက ဒေသခံ အများစုနဲ့ မုံရွာမြို့ခံ တချို့ပူးပေါင်းပြီး စီမံကိန်း ရပ်ဆိုင်းဖို့ မြို့တစ်ပတ် ချီတက် တောင်းဆိုခဲ့ ကြပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ ရုံးစိုက်ရာ မုံရွာ မြို့ပေါ်မှာ အခုလိုတရားဝင် ခွင့်ပြုချက်နဲ့ စီမံကိန်းရပ်ဖို့ တောင်းဆို ဆန္ဒပြတာ အခု ပထမဆုံး ဖြစ်ပါတယ်။

အရင်က ဆိုရင် လက်ပံတောင်း ဧရိယာက လူတွေ ဆန္ဒပြဖို့ ချင်းတွင်းမြစ် တစ်ဖက်ကမ်းက မုံရွာကို ကူးလာရင် စက်လှေဆိပ်တွေကို ပိတ်တာ၊ ဆိုင်ကယ်တွေကို စစ်တာမျိုး အစိုးရဘက်က လုပ်လေ့ရှိပါတယ်။

အခု ဆန္ဒပြပွဲကို အစိုးရဘက် က လူ ၃ဝဝဝ အထိ တရားဝင်ခွင့်ပြု ပေးခဲ့တဲ့ ဆန္ဒပြပွဲဟာ ထူးခြားတယ်လို့ မုံရွာဒေသခံ သတင်းထောက် ကိုသက်က ပြောပါတယ်။

တနင်္လာနေ့ကတော့ အစိုးရဘက်က လက်ပံတောင်း စီမံကိန်း ပျက်စီးအောင် လူတစ်စုက စနစ်တကျ လှုံ့ဆော် နေတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ကြေးနီစီမံ ကိန်းကို ကန့်ကွက်မှုတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက် က စီမံကိန်း ဧရိယာ လို့သတ် မှတ်ပြီး ခြံစည်းရိုးခတ်ရာက တင်းမာမှုဖြစ်လာခဲ့ပါတယ်။

မိုးကြိုးပြင် အလယ် ရွာက တောင်သူ ဒေါ်ခင်ဝင်း သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ရ အပြီးမှာ ရန်ကုန်၊ မန္တလေး၊ ကျောက်ပန်းတောင်းနဲ့ ပြည်မြို့တို့ အထိ ကျယ်ပြန့် သွားခဲ့ပါတယ်။

စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကတော့ စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက် ၉၆ ချက် အတိုင်း အကောင်အထည် ဖော်ဆောင်ရေး ကော်မတီက လိုက်နာ ဆောင်ရွက်ရင် အခုလို ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အရင်က အစီရင်ခံစာ အသေးစိတ်ကို နားမလည်ခဲ့ကြတဲ့ ဒေသခံတွ ကလည်း အခုတော့ သဘောပေါက်လာကြပြီး စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေ အတိုင်း လိုက်နာ အကောင်အထည် ဖော်စေချင်တဲ့ ဆန္ဒတွေ ရှိနေကြတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ