နိုင်ငံ​ရေး အကျဉ်းသား​ရေးရာ ကော်မတီ ဖွဲ့​စည်း

  • 6 ဇန်နဝါရီ 2015
prisoner_
Image caption ကော်မတီ အနေနဲ့ လက်ရှိ အကျဉ်းသားတွေ အရေး ဆောင်ရွက်မလား၊ လွတ်မြောက်နှင့် ပြီးသူတွေ ရဲ့ လူမှု ဖူလုံရေး ဆောင်ရွက် မလား ဆိုတာ အဓိပ္ပာယ် ဖွင့်ဖို့ လိုနေ။

နိုင်ငံရေး အကျဉ်းသားများ ရေးရာ ကော်မတီ အသစ် တစ်ရပ် ဖွဲ့စည်း လိုက်တယ် ဆိုပြီး သမ္မတ ဦးသိန်းစိန် က ဇန်နဝါရီ ၆ ရက် မှာ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

အရင် ရှိလက်စ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ ကို ဖျက်သိမ်း လိုက်ပေမယ့် အဲဒီ့ စိစစ်ရေး အဖွဲ့ထဲက ပုဂ္ဂိုလ် တော်တော် များများလည်း အခု ကော်မတီ ထဲ ပြန်ပါ လာကြပြီး ကော်မတီ ဝင် ၂၈ ဦး ရှိပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ ရဲ့ သက်သာ ချောင်ချိရေး ကိစ္စတွေ ကို အခု ကော်မတီ အသစ်က ဆောင်ရွက်မယ် လို့ ကော်မတီ ဒု ဥက္ကဌ အဖြစ် တာဝန် ယူထားတဲ့ ဦးစစ်မြိုင် က ဆိုပါတယ်။

ကော်မတီ အနေနဲ့ ပစ်ဒဏ် ကျခံဆဲ သူတွေ အတွက် ဆောင်ရွက် ရမှာလား၊ လွတ်မြောက်ပြီး သူတွေရဲ့ လူမှု ဖူလှုံရေးရာ တွေ ဆောင်ရွက်မလား ဆိုတာ အဓိပ္ပာယ် ဖွင့်ဖို့ လိုသေးကြောင်း လည်း ဦးစစ်မြိုင် က ပြောပါတယ်။

အရင် နိုင်ငံရေး အကျဉ်းသား ရေးရာ ကော်မတီထဲ ပါဝင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် က ဦးဉာဏ်ဝင်း၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း က ဦးကိုကိုကြီး တို့ အခု ကော်မတီ အသစ် ထဲမှာ ပြန်လည် ပါဝင်လာ ပေမယ့် နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး အဖွဲ့ AAPP က ကိုဘိုကြည် နဲ့ ကိုတိတ်နိုင် တို့တော့ မပါဝင်တော့ ပါဘူး။

AAPP က ထုတ်ပြန် ထားတဲ့ အရတော့ မြန်မာပြည် မှာ နိုင်ငံရေး အကျဉ်းသား ၁၆၀ နီးပါး ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ